PSM(NEWS)

မတ် ၁၆ ၊ ၂၀၂၆

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုမှာ တတိယမြောက်သီတင်းပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ရာ ရေနံအခြေခံအဆောက်အအုံများ ထိခိုက်နိုင်ခြေရှိနေပြီး ကမ္ဘာ့အကြီးဆုံး ရေနံဖြန့်ဖြူးရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားရခြင်းတို့ကြောင့် ရေနံဈေးနှုန်းများ တနင်္လာနေ့ဈေးကွက်တွင် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ဘရန့်ရေနံ (Brent) နှင့် အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းဈေးနှုန်းများမှာ ယခုလအတွင်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ရေနံတင်ပို့မှုဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်း ကိုဆက်လက်တိုက်ခိုက်မည်ဟုခြိမ်းခြောက်ထားသည်။

ကမ္ဘာ့ရေနံထွက်ကုန်၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ထောက်ပံ့ရေးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အမေရိကန်တို့သည် စနေနေ့က ခါ့ဂ်ကျွန်းရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ အဓိကရေနံဆိပ်ကမ်းတစ်ခုကို ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

JP Morgan မှ ခွဲခြမ်းစိတ်ဖြာသူများက ယခုဖြစ်စဉ်သည် ပဋိပက္ခပိုမိုပြင်းထန်လာခြင်းကို ပြသနေကြောင်းနှင့် ယခင်က ပဋိပက္ခအတွင်း ကင်းလွတ်ခွင့်ရထားသော ရေနံအခြေခံအဆောက်အအုံများပါ ယခုအခါ ပစ်မှတ်ဖြစ်လာကြောင်း သုံးသပ်သည်။

ကိုးကား Reuters

#အရှေ့အလယ်ပိုင်း_ပဋိပက္ခ

#ရေနံတင်ပို့မှု_အဟန့်အတား

#ရေနံဈေးနှုန်း

#မြင့်တက်

#ရေနံအခြေခံအဆောက်အအုံ

#ပစ်မှတ်

#PSM_News

By Htet Ko