PSM(NEWS) မတ် ၁၆ ၊ ၂၀၂၆ အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ်ရိုက် သည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော ရေနံယိုစိမ့်မှုကြောင့် ရပ်ဆိုင်းထားရသည့် ကယ်လီဖိုးနီးယားကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို ပြန်လည်စတင်ရန် တက္ကဆက်အခြေစိုက် ကုမ္ပဏီတစ်ခုအား ကာကွယ်ရေးထုတ်လုပ်မှုဥပဒေ ကို အသုံးပြု၍ သောကြာနေ့တွင် ညွှန်ကြားလိုက်သည်။ ဆန်တာဘာဘရာအနီးရှိ Sable Offshore Corp ၏ ရေနံပိုက်လိုင်းနှင့် စက်ရုံလုပ်ငန်းများကို ပြန်လည်စတင်ခြင်းမှာ ရေနံထောက်ပံ့ရေး ပြတ်တောက်နိုင်ခြေရှိသည့် အန္တရာယ်များကို ဖြေရှင်းရန်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ငန်းစဉ်တွင် ဖက်ဒရယ်ရေပိုင်နက်အတွင်းရှိ ရေနံတူးစင် (၃) ခုနှင့် ကမ်းလွန်/ကုန်းတွင်းပိုင်း ပိုက်လိုင်းများ၊ Las Flores Canyon ရေနံချက်စက်ရုံတို့ ပါဝင်သည်။ အဆိုပါစက်ရုံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၅၀,၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး ပြည်ပမှတင်သွင်းရသည့် ရေနံစည်ပေါင်း ၁.၅ သန်းနီးပါးကို လစဉ် အစားထိုး ပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ”ထရမ့်အစိုးရအနေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ စွမ်းအင်လုံခြုံရေးကို အမြဲတမ်း ဦးစားပေးဆောင်ရွက်နေပါတယ်။ ကံမကောင်းစွာနဲ့ပဲ အချို့သော ပြည်နယ်ခေါင်းဆောင်တွေက ဒီမူဝါဒတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် ၎င်းတို့ဒေသခံတွေသာမက နိုင်ငံတော်လုံခြုံရေးအတွက်ပါ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ဝန်ကြီးရိုက်က ပြောကြားသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ရာထူးသက်တမ်း ဒုတိယမြောက်နေ့တွင် အမေရိကန်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုးတန်းများ၌ ကမ်းလွန်ရေနံတူးဖော်မှုများကို တားမြစ်ထားသည့် ယခင်သမ္မတ ဂျိုးဘိုင်ဒန်၏ အမိန့်ကို ပယ်ဖျက်သည့် အမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂယ်ဗင် နျူးဆမ်က အဆိုပါလုပ်ဆောင်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ”ဒါဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနဲ့ ရင်ဆိုင်နေရပြီး တရားရုံးအမိန့်တွေအရ ပြန်လည်စတင်ခွင့်မရှိတဲ့ ပိုက်လိုင်းတစ်ခုကို တရားမဝင် ပြန်လည်ပတ်ဖို့ ကြိုးစားနေတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်အနေနဲ့ ကျွန်တော်တို့ရဲ့ ကမ်းရိုးတန်းဒေသတွေကို စတေးခံဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ထရမ့်အစိုးရနဲ့ Sable ကုမ္ပဏီဟာ တရားရုံးအမိန့်တွေကို ချိုးဖောက်နေတာဖြစ်ပြီး သူတို့ကို တရားရုံးမှာပဲ ပြန်လည်ရင်ဆိုင်ရမှာပါ” ဟု နျူးဆမ်က ပြောကြားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ကယ်လီဖိုးနီးယားပြည်နယ်သည် အဆိုပါပိုက်လိုင်းများ ပြန်လည်စတင်ရန် စီစဉ်နေသည့် ဟူစတန်အခြေစိုက် Sable ကုမ္ပဏီကို ခွင့်ပြုပေးခဲ့သည့် ဖက်ဒရယ်အစိုးရအား တရားစွဲဆိုထားခဲ့သည်။ ပြည်နယ်ရှေ့နေချုပ် ရော့ဘ် ဘွန်တာက ဖက်ဒရယ်အစိုးရအနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ်၏ စည်းမျဉ်းသတ်မှတ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ပိုင်ခွင့်မရှိကြောင်း ထောက်ပြထားသည်။ ကိုးကား AP #ပြန်လည်စတင် #ဖက်ဒရယ်ရေပိုင်နက် #ကမ်းလွန်_ရေနံလုပ်ငန်း #ကယ်လီဖိုးနီးယား #လုပ်ဆောင်ပိုင်ခွင့်မရှိ #PSM_News Post navigation အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံတင်ပို့မှု အဟန့်အတားဖြစ်ကာ ရေနံဈေးနှုန်းများ ဆက်လက် မြင့်တက်နိုင်ခြေရှိ ပါကစ္စတန် ကကန်ဒဟားရှိ တာလီဘန်စခန်းများနှင့် “အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများ”ကို ညတွင်းချင်းတိုက်ခိုက်