PSM(NEWS) မတ်၁၅ ၊၂၀၂၆ အွန်လိုင်းပေါ်တွင် အမည်ဝှက်ဖြင့် လှုပ်ရှားနေသူများ၏ကိုယ်ရေးအချက်အလက်များကို ဉာဏ်ရည်တု (AI) ကိရိယာများက လျင်မြန်စွာ ဖော်ထုတ်နိုင်နေပြီဖြစ်ကြောင်း ဆွစ်ဇာလန်သုတေသီများ၏ လေ့လာချက်အသစ်တွင် ဖော်ပြထားသည်။ ယနေ့ခေတ် အင်တာနက် အသုံးပြုသူများအကြားတွင် မိမိ၏ အမည်ရင်းကို မဖော်ပြဘဲ လွတ်လပ်စွာ ထင်မြင်ချက်ပေးခြင်း၊ ဝါသနာတူသူများနှင့် စုစည်းခြင်းတို့သည် အလွန်ခေတ်စားလျက်ရှိသည်။ သို့သော် အဆိုပါ အမည်ဝှက်ခြင်း သည် ဉာဏ်ရည်တု (AI) နည်းပညာကြောင့် ပိုမိုခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ ETH Zurich မှ သုတေသီဒန်နီရယ် ပါလက်ကာဦးဆောင်သော အဖွဲ့သည်ကြီးမားသော ဘာသာစကား မော်ဒယ်များ (LLMs) ကို အသုံးပြု၍ အမည်ဝှက်ထားသော အကောင့်ပိုင်ရှင်များကို ဖော်ထုတ်နိုင်သည့် စနစ်တစ်ခုကို စမ်းသပ်ခဲ့သည်။ အဆိုပါ စနစ်သည် အသုံးပြုသူများ အွန်လိုင်းတွင်ကျန်ရစ်ခဲ့သောအချက်အလက် အစအနများကို စုစည်းကာ အမှန်တကယ် ပိုင်ရှင်နှင့်ယှဉ်တွဲရှာဖွေခြင်း ဖြစ်သည်။ စမ်းသပ်ချက်များအရ AI စနစ်သည် အကောင့်ပိုင်ရှင်များကို ၉၀ ရာခိုင်နှုန်း တိကျမှုဖြင့် ၆၈ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ဤနည်းလမ်းသည် ယခင်က လူသားများဖြင့်စုံစမ်းစစ်ဆေးသည့် နည်းလမ်းထက် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်လည်း သက်သကြောင်း သုတေသီများကထောက်ပြထားသည်။ ဤနည်းပညာသည် အွန်လိုင်းလုံခြုံရေးကို အခြေခံကျကျ ပြောင်းလဲစေနိုင်သည်ဟု သုတေသီများက ဆိုသည်။ အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအရ လှုပ်ရှားနေသူများ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖော်ထုတ်စောင့်ကြည့်ရန် လွယ်ကူသွားနိုင်ခြင်း၊ ကုမ္ပဏီများသည် အမည်ဝှက်ပို့စ်များကို သုံးစွဲသူများ၏ ပရိုဖိုင်များနှင့်ချိတ်ဆက်ကာ ပစ်မှတ်ထား ကြော်ငြာခြင်းများ ပြုလုပ်နိုင်ခြင်းနှင့် လူမှုရေးဆိုင်ရာ လိမ်လည်မှုများအတွက် ပစ်မှတ်ထားသူများ၏ အချက်အလက်ကို AI ဖြင့် အလွယ်တကူ တည်ဆောက်နိုင်ခြင်းတို့ ပါဝင်သည်။ အရေးကြီးသော ကိစ္စရပ်များအတွက် ပုံမှန်အကောင့်ကို မသုံးဘဲ အဆိုပါ ကိစ္စအတွက်သာ သီးသန့်ကောင့်အသစ်ကို အသုံးပြုရန်နှင့် အလုပ်အကိုင်၊ နေရပ်နှင့်မိသားစုအကြောင်း အချက်အလက်များကို အင်တာနက်ပေါ်တွင် တတ်နိုင်သမျှ မမျှဝေရန် သုတေသီများက အသုံးပြုသူများအတွက် အကြံပြုထားသည် ။ ထို့အပြင် ပရော်ဖက်ရှင်နယ် အကောင့်များနှင့် ကိုယ်ရေးကိုယ်တာ အမည်ဝှက်အကောင့်များကို လုံးဝခွဲခြားထားရန်လည်း ထည့်သွင်းအကြံပြုထားသည်။ ပါလက်ကာက “အကယ်၍ အမည်ဝှက်ဖြင့် ဆက်လက်ရေးသားနေပြီး ကိုယ်ရေးအချက်အလက်များကို ပုံမှန်ဖော်ပြနေမည်ဆိုပါက AI ကိရိယာများသည် လျင်မြန်စွာ ဖော်ထုတ်နိုင်မည်မှာ သေချာနေသည်”ဟု သတိပေး ပြောကြားခဲ့သည်။ ကိုးကား The Independent #ဉာဏ်ရည်တု_AI_နည်းပညာ #ဖော်ထုတ်နိုင် #အမည်မဖော် #အွန်လိုင်းအကောင့် #ကျွမ်းကျင်သူသတိပေး #PSM_News Post navigation အရှေ့အလယ်ပိုင်းမှ ထိုင်ဝမ်နိုင်ငံသားများကို တရုတ်က ပြန်လည်ခေါ်ဆောင်ပေးရန် ကမ်းလှမ်းမှုအပေါ် ထိုင်ပေက “စိတ်ဓာတ် စစ်ဆင်ရေး” ဟု သတိပေး အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံတင်ပို့မှု အဟန့်အတားဖြစ်ကာ ရေနံဈေးနှုန်းများ ဆက်လက် မြင့်တက်နိုင်ခြေရှိ