PSM (News)

မတ် ၁၆၊ ၂၀၂၆

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းပိုင်းတွင် စစ်ကော်မရှင်၏ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး ယာဉ်တစ်စီး ပျက်စီးသွားကြောင်း သိရသည်။

ကိုးပင်-အောင်လံဘက်မှ နေပြည်တော်သို့ ဦးတည်သွားနေသည့် စစ်ယာဉ်တန်းကို မတ် ၁၅ ရက်နေ့ နေ့ လယ်ပိုင်းက တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာနှင့် ကိုးပင်ကျေးရွာကြား လမ်းပိုင်းတွင် ပဒေသာမိုင်းများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် စစ်ကော် မရှင်တပ်သား အများအပြား သေဆုံးခဲ့သလို ယာဉ်တစ်စီးလည်း ပျက်စီးသွားပါတယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) က ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) နှင့် မကွေး တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါဒေသ၌ စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုး လှုပ်ရှားနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် အမှတ် (၂) လမ်းပိုင်းတစ်လျှောက် သွားလာရာတွင် အထူး သတိပြုကြရန်နှင့် လုံခြုံရေးအရ သတိရှိရှိ နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ

#တောင်တွင်းကြီး

#မိုင်းဆွဲတိုက်ခိုက်

#ရန်ကုန်မန္တလေးလမ်း

#စစ်ယာဉ်တန်း

#စစ်ရေးတင်းမာမှု

#PSM_News

By Htet Ko