PSM (News)

မတ် ၁၇ ၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကော်မရှင် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ငါးဦးသေဆုံးပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံမှ သိရသည်။

ပခုက္ကူမြို့နယ် အနောက်ခြမ်း၊ ကန်တော်ရွာစခန်းမှ ညောင်ဂျစ်ပင်ပျူစောထီးရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကော်မရှင် စစ်ကြောင်းကို ယမန်နေ့ မတ် ၁၅ ရက် နံနက်ပိုင်းတွင် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲမှာ လေးနာရီခန့်အကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းမှာ ကန်တော်ရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

“တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ငါးဦး ကျဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ရှင်းလင်းရေး လုပ်ချိန်တွင်လည်း လက်နက်ခဲယမ်း အနည်းငယ် သိမ်းဆည်းရမိခဲ့သည်” ဟု PLA က ဆိုထားသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် ကမ္မမြို့နယ်ရဲစခန်း၊ ကန်တော်ရွာစခန်းနှင့် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းတို့တွင် လှည့်လည်လှုပ်ရှားနေသော စစ်ကြောင်းဖြစ်ပြီး၊ ညောင်ဂျစ်ပင်ရွာဘက်သို့ စစ်ကြောင်းထွက်လာချိန်တွင် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကို Magway PDF၊ ကမ္မတပ်ပေါင်းစု၊ Pakokku Column၊ Anyar Revolution Force (ARF) နှင့် Young Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)။

#ပခုက္ကူ

#ကြားဖြတ်တိုက်ခိုက်

#စစ်ကော်မရှင်

#PLA

#မကွေးတိုင်း

#PSM_News

By Htet Ko