PSM (News) မတ် ၁၆၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသည့် ရေဖောင်များကို စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ ကိုးဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ နှစ်စင်း သည် ဆည်အတွင်းရှိ ရေဖောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိအခြေအနေအရ ကိုးဦးသေဆုံးတာ အတည်ပြုနိုင်ပြီး ခြောက်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က PSM ကို ပြောသည်။ သေဆုံးသူများမှာ ရေထဲတွင် ဖြစ်နေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ အခက်အခဲရှိနေဆဲ ဖြစ်သည်။ “အဓိကတော့ ဆည်ထဲက ကောလင်းနယ်၊ ဂေါင်းဖြူဝန်းကျင်မှာရှိတဲ့ ဖောင်တွေ အထိနာတယ်။ မီးလောင်ပျက်စီးသွားတဲ့ ဖောင်အရေအတွက်လည်း အများအပြားရှိပါတယ်” ဟု မျက်မြင်သက်သေများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ အကြမ်းဖက်စစ်တပ်သည် ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း သဖန်းဆိပ်ဆည်အတွင်းရှိ ရေဖောင်များကို ဂျက်ဖိုက်တာ လေးစင်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟုမ္မလင်းလေတပ်နှင့် နီးစပ်သည့် စစ်ကိုင်း တိုင်းအထက်ပိုင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ဖောင်းပြင်နှင့် မော်လိုက်မြို့နယ်များအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြု ကြိုတင်ပြင်ဆင်ထားကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားသည်။ ဓာတ်ပုံ-ပေးပို့ #ကျွန်းလှ #သဖန်းဆိပ်ဆည် #လေကြောင်းတိုက်ခိုက်မှု #စစ်ကိုင်းတိုင်း #စစ်ဘေးရှောင် #လေကြောင်းအန္တရာယ် #PSM_News Post navigation MNDAA နှင့် TNLA အကြား လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် SRA မေတ္တာရပ်ခံတိုက်တွန်း ရန်ကုန်-မန္တလေး အမှတ် -၂ လမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများဟုဆို