PSM (News)

မတ် ၁၆၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာကြပါရန် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က မတ် ၁၄ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။

ညီနောင်မဟာမိတ်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ SRA အနေဖြင့် များစွာ စိုးရိမ်မကင်းဖြစ်ရကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှု၊ မဟာမိတ်ခိုင်မာမှုနှင့် သွေးစည်းညီညွတ်မှုတို့အပေါ် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျအတုယူနေကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခုကဲ့သို့ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေကြခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်း နှစ်ခုတည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲ လက်ရှိတော်လှန်ရေးတစ်စုံလုံးအတွက်ပါ အကျိုးသက်ရောက်မှု များစွာ ရှိနေပါသည်” ဟု SRA က ဆိုသည်။

ထို့ကြောင့် ပြည်သူအများ ယုံကြည်မျှော်လင့်နေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်ရေးအကျိုးကို မျှော်ကိုး၍ မိတ်ဖက်အဖွဲ့အစည်းများအကြား ဖြစ်ပွား တတ်သည့် ပဋိပက္ခများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် SRA ဦးဆောင်ကော်မတီက လေးနက်စွာ တိုက်တွန်းထားခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုများသည် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ ချေမှုန်းခွင့်ရခဲ့ ကြသည့် အပေါ် အစဉ်တစိုက် ဂုဏ်ယူလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

#SRA

#MNDAA

#TNLA

#ကွတ်ခိုင်

#နွေဦးတော်လှန်ရေး

#တွေ့ဆုံဆွေးနွေးရေး

#PSM_News

By Htet Ko