PSM(News)

မတ် ၁၆ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေသည့် KTLA အမည်ခံ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုးနှင့် အဖွဲ့အား “အကြမ်းဖက်စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မောတောင်စစ်ဆင်ရေးမှအပြန် တော်လှန်ရေးမဟာမိတ် ဗထူးတပ်ဖွဲ့ဝင်များကို ဗိုလ်အယ်ခွီးအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ရဲဘော် ခြောက် ဦး ကျဆုံးပြီး သုံး ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဗိုလ်အယ်ခွီးနှင့် အဖွဲ့သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများကို အစဉ်တစိုက် နှောင့်ယှက်ဖျက်ဆီးနေသလို ယခင် နအဖ စစ်အာဏာရှင်လက်ထက်ကတည်းက စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးအပေါ် သစ္စာဖောက်ခဲ့သူဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်အယ်ခွီးနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း တပ်မဟာ (၄) နှင့် တော်လှန်ရေး အင်အားစုများ၏ နောက်တန်းစခန်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပို့ဆောင်သည့် ယာဉ်တန်းများကို မကြာခဏ ချုံခိုတိုက်ခိုက်ခဲ့သည်။

ယင်းလုပ်ရပ်များသည် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိဘဲ တော်လှန်ရေး အင်အားစုများကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်ရာ စစ်ကော်မရှင်၏ စစ်ရေးဗျူဟာကို အကောင်အထည် ဖော်ပေးနေခြင်းသာ ဖြစ်ကြောင်း KNU က ဆိုသည်။

အဆိုပါအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို တပ်မဟာ (၄) နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးအတင်းအဓမ္မ တောင်းခံလုယက်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“KTLA လက်အောက်ခံ ဗိုလ်အယ်ဦး (ခ) ကော်လာဖိုး၏ လုပ်ရပ်များသည် စစ်ကောင်စီအလိုကျ အလုပ်ကျွေးပြုကာ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးကို ပံ့ပိုးနေခြင်းဖြစ်သည်” ဟု KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။

ထို့ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ ကိုယ်စား KNU တပ်မဟာ (၄) အနေဖြင့် လူထုဆန့်ကျင်ရေးနှင့် စစ်ကော်မရှင်၏ စစ်ရေးဗျူဟာအောက်တွင် ပါဝင်ပတ်သက်နေသော ဗိုလ်အယ်ခွီးနှင့် အပေါင်းအပါများကို “မိတ်ဖက်အကြမ်းဖက်အဖွဲ့” အဖြစ် တရားဝင် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ငရံ့နီချောင်းဖျား၌ အခြေစိုက်သည့် အဆိုပါအဖွဲ့၏ အစီအစဉ်ကျကျ တိုက်ခိုက်မှု များကိုလည်း KNU က ပြင်းထန်စွာ ရှုံ့ချထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-KTLA ဗိုလ်အယ်ခွီးနှင့် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)

#KNU

#တပ်မဟာ၄

#KTLA

#ဗိုလ်အယ်ခွီး

#ကော်လာဖိုး

#မြိတ်ထားဝယ်

#စစ်ရေးပဋိပက္ခ

#PSM_News

By Htet Ko