PSM (News) မတ် ၁၅၊ ၂၀၂၆ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း မတ်လ ၁၄ ရက် ညနေပိုင်းက တော်လှန်ရေးမဟာမိတ် ဗထူးတပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ခြောက် ဦး ကျဆုံးကာ သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်း ပြန်ကြား ရေးက ယနေ့ မတ် ၁၅ ရက်တွင် ထုတ်ပြန်သည်။ မောတောင်စစ်ဆင်ရေးတွင် စစ်ကော်မရှင်တပ်၏ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နောက်တန်းသို့ ပြန်လည်ထွက်ခွာလာသော ဗထူးတပ်ဖွဲ့ဝင်များကို ဗိုလ်စောအယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်သည့် KTLA တပ်ဖွဲ့က ဘန်းချောင်းကျေးရွာအုပ်စုအတွင်းရှိ သမီးပေါ်သော (ဟင်းကပိ) နှင့် ကနဲဃော (ပျားသားချောင်း) ကျေးရွာများအကြား၌ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဗထူးတပ်ဖွဲ့မှ ရဲဘော် လေး ဦးမှာ နေရာတွင်ပင် ကျဆုံးခဲ့ပြီး သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသော ရဲဘော် နှစ် ဦးကို နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ရာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း KNU ထံမှ သိရသည်။ “ဗိုလ်စောအယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်သော KTLA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်သည် တစ်နေ့တခြား ပိုမိုဆိုးရွားလာပြီး အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုအလား တော်လှန်ရေးတပ်ဖွဲ့ များကို ရန်သူအဖြစ် သတ်မှတ်ကာ နေ့စဉ်နှင့်အမျှ တိုက်ခိုက်လျက်ရှိသည်” ဟု KNU မြိတ်-ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။ ဓာတ်ပုံ- KNU မြိတ်-ထားဝယ်ခရိုင် ပုံစာ-KTLA တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသော တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့မှ စစ်သည် လေးဦး။ #KNU #KTLA #ဗထူးတပ်ဖွဲ့ #မြိတ်ထားဝယ် #တော်လှန်ရေးအင်အားစု #PSM_News Post navigation ကွတ်ခိုင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး သယံဇာတနှင့် ကျားဖြန်ကိစ္စများကြောင့် ပဋိပက္ခ ပိုမိုရှုပ်ထွေး လာဟုဆို ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA အဖွဲ့အား စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့အဖြစ် KNU သတ်မှတ်ထုတ်ပြန်