PSM(News) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့ကြသည့် ထိုင်း-မြန်မာနယ်စပ်ရောက် CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန် ရိက္ခာများကို “ပြည်သူ့ပန်းတိုင်” (People’s Goal) အဖွဲ့က ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ CDM မိသားစုပေါင်း ၁၂၀ စုအတွက် မိသားစုတစ်စုလျှင် ဆန် ၁၅ ကီလို ၁ အိတ်၊ ဆီ ၁ လီတာဘူးနှင့် ငါးသေတ္တာ ၁ ကတ်တို့ကို အခြေခံရိက္ခာများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး CDM များ ကိုယ်တိုင် စိုက်ပျိုးထားသည့် ခြံထွက်အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကိုလည်း ထပ်ဆောင်းဖြည့်စွက် ဝေငှ ပေးခဲ့သည်။ ထို့ပြင် ဝေးလံသည့်နေရာများတွင် နေထိုင်ကြသော CDM မိသားစုများထံသို့လည်း သတ်မှတ်စုရပ် နေရာများမှ တစ်ဆင့် ရိက္ခာများ အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ “ယခု ထောက်ပံ့မှု ပမာဏသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း လေးစားအသိအမှတ်ပြုရမည့် CDM မိသားစုများ၏ ဖြတ်သန်းရှင်သန်နေမှုများကို တွန်းအားဖြစ်စေလိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါသည်” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။ ပြည်သူ့ပန်းတိုင်အနေဖြင့် ရရှိလာသော ရန်ပုံငွေအပေါ် မူတည်၍ ပြည်တွင်းလွတ်မြောက်နယ်မြေများရှိ CDM စစ်သားနှင့် ရဲ မိသားစုများ၊ အရေးပေါ်အခက်အခဲ ကြုံတွေ့နေရသူများနှင့် နယ်စပ်ဒေသရောက် မိသားစုများကို အလှည့်ကျ ဆက်လက်ထောက်ပံ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ပြည်သူ့ပန်းတိုင် #ပြည်သူ့ပန်းတိုင် #CDM #ထိုင်းမြန်မာနယ်စပ် #ရိက္ခာထောက်ပံ့ #PSM_News Post navigation မြန်မာစစ်ကော်မရှင်က တီမော-လက်စ်တေ(Timor-Leste ) ယာယီတာဝန်ခံသံအမတ်အား ထုတ်ပယ်၊ စစ်ရာဇဝတ်မှု အမှုဖွင့်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက် ဟုမ္မလင်းသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိလာပြီး စစ်ကိုင်းလူထုကို “ပညာမဲ့” ဟု နှိမ်ချ၊ စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်