မောင်မောင်ကဲ၊ PSM(News) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀၆ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့သို့ လျှို့ဝှက်ရောက်ရှိလာပြီး စစ်ကိုင်းလူထုက တော်လှန်နေခြင်းမှာ “အသိပညာနှင့် အတတ်ပညာ အားနည်းသောကြောင့်ဖြစ်သည်” ဟု နှိမ်ချပြောဆိုခဲ့ပြီး စစ်ရေးအင်အား တိုးချဲ့မှုများ လုပ်ဆောင် နေကြောင်း သိရသည်။ စစ်ခေါင်းဆောင်က ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး အားကောင်းနေခြင်းကို “အသိပညာ အားနည်းမှုနှင့် ဆက်စပ်နေသည်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲအတုကို အောင်မြင်သည်ဟု ဝါဒဖြန့်ခဲ့ပြီး မြေပြင်တွင်ချေမှုန်းမှုများလုပ်ဆောင်မည်ဖြစ်၍ ၎င်းတို့၏စစ်ကော်မရှင်တပ်နှင့် ပူးပေါင်း ရန် တိုက်တွန်းခဲ့သည်။ စစ်ခေါင်းဆောင်၏ ယခုခရီးစဉ်မစတင်ပြီ ဟုမ္မလင်းသို့ Y-8 နှင့် ATR လေယာဉ်များဖြင့် ခဲယမ်း၊ ရိက္ခာနှင့် စစ်အင်အားအလုံးအရင်းကို အခေါက်ပေါင်းများစွာ ပို့ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ လုပ်ဆောင်လာခြင်းသည် ဟုမ္မလင်းနှင့် ဖောင်းပြင်ဘက်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း PSM ၏ မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ “မန္တလေးတိုင်း စစ်မျက်နှာ တကောင်းဘက်ကနေလည်း အလုံးအရင်းနဲ့ ထိုးနေပြီ။ အခု ဟုမ္မလင်းကို မင်းအောင်လှိုင် ကိုယ်တိုင်ဆင်းလာတာက စစ်ကိုင်းအထက်ပိုင်းကို ပြန်ထိန်းဖို့ အသေအလဲ ကြိုးစား နေတာပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က PSM ကိုပြောသည်။ စစ်ရေးအတွက် လေကြောင်းကို အဓိကအသုံးပြုနေသည့် စစ်ခေါင်းဆောင်သည် လေတပ်စခန်းဌာနချုပ် ရှိသည့် ဟုမ္မလင်းတွင် အခြေစိုက် စစ်ရေးပြင်ဆင်၍ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ကို ဖိအားပေးရန် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဟုမ္မလင်းခရီးစဉ်သည် စစ်ကိုင်းနှင့် ကချင် နယ်စပ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အချက်ပြမှုဖြစ်ပြီး “ပညာမဲ့” ဟု ခေါ်ဆိုခြင်း ခံခဲ့ရသည့် စစ်ကိုင်းလူထု၏ တော်လှန်ရေးအရှိန်မှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း စစ်ရေးအကဲခတ် များက သုံးသပ်သည်။ ဓာတ်ပုံ-စစ်ကော်မရှင် ပုံစာ-ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဟုမ္မလင်းသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ကိုတွေ့ရစဉ်။ #ဟုမ္မလင်း #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #စစ်ကိုင်းလူထု #ပညာမဲ့ #စစ်ရေးပြင်ဆင်မှုများ #PSM_News Post navigation ထိုင်း-မြန်မာနယ်စပ်ရှိ CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များကို “ပြည်သူ့ပန်းတိုင်” က အခြေခံ ရိက္ခာများ ထောက်ပံ့ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က နှင်ထုတ်ခဲ့ခြင်းအပေါ် NUG ပြင်းထန်စွာကန့်ကွက်ပြီး တီမောအစိုးရ၏ ရပ်တည်ချက်ကို ဂုဏ်ပြု