PSM(NEWS)

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆

မြန်မာစစ်ကော်မရှင်သည် တီမော-လက်စ်တေ(Timor-Leste) နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း အမြင့်ဆုံး ကိုယ်စားလှယ်အား နိုင်ငံမှ ထုတ်ပယ်ကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

ယင်းသည် တီမော-လက်စ်တေ ဘက်မှ မြန်မာစစ်တပ်အပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှု (crimes against humanity) ဆိုင်ရာ အမှုဖွင့်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ထုတ်ပြန်ပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization (CHRO) က ယခုလအတွင်း တီမော-လက်စ်တေ သည် မြန်မာစစ်အုပ်ချုပ်ရေးအပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုတို့ဖြင့် ကိုယ်ပိုင်အမှုဖွင့် စတင်စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ “အမှုဖိုင်ကို စုံစမ်းစစ်ဆေးရန် တီမော-လက်စ်တေ ဘက်မှ အထက်တန်းအဆင့် သက်ဆိုင်ရာတရားရုံးအရာရှိ တစ်ဦးကို ခန့်အပ်ထားပြီး ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲခံနေရပြီး၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများအပေါ် ချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ရှိနေသည်။

ယခုအခါ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ် (ICJ) တွင် ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးသုတ်သင်မှု စွပ်စွဲချက်များအတွက်လည်း တရားစွဲခံနေရသည်။

စစ်ကော်မရှင်ထုတ်ပြန်ချက်အရ တီမော-လက်စ်တေ ဘက်မှ စုံစမ်းစစ်ဆေးရေး အရာရှိ ခန့်အပ်ထားခြင်းကို “အလွန်စိတ်ပျက်ဖွယ်” ဖြစ်ကြောင်း ဖော်ပြထားပြီး၊ တီမော-လက်စ်တေ ၏ တာဝန်ထမ်းဆောင်နေသော ယာယီတာဝန်ခံသံအမတ် ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံကာ တစ်ပတ်အတွင်း နိုင်ငံမှ ထွက်ခွာရန် အသိပေးခဲ့ကြောင်း သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ ၏ ပြောကြားချက်အရ အမှုတွင် စစ်တပ်က ဆောင်ရွက်ခဲ့ကြောင်း ဆိုထားသည့် အုပ်စုလိုက် အဓမ္မပြုကျင့်မှု၊ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်၊ ဘာသာရေးခေါင်းဆောင်များအား သတ်ဖြတ်မှုနှင့် ဆေးရုံလေကြောင်းတိုက်ခိုက်မှုများ ပါဝင်ကြောင်း ဆိုသည်။

ယင်းအမှုကို အပြည်ပြည်ဆိုင်ရာ တရားမမူကြီးအရ အမှုကို မူဝါဒအောက်တွင် တင်သွင်းထားခြင်းဖြစ်ပြီး၊ နိုင်ငံတော်တရားရုံးများအနေဖြင့် နိုင်ငံတကာပြစ်မှုများကို တရားစီရင်နိုင်သည့် မူဝါဒဖြစ်သည်။

ယင်းအရေးကိစ္စသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့သည်။ တီမော-လက်စ်တေ သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံမြောက်အဖြစ် ဝင်ရောက်ခဲ့သည်။

စစ်ကော်မရှင်ဘက်က တီမော-လက်စ်တေ သည် အာဆီယံ အချုပ်အခြာ အာဏာ လေးစားရေးနှင့် အခြားနိုင်ငံရေးမဝင်ရောက်ရေး မူဝါဒများကို ချိုးဖောက်နေကြောင်း စွပ်စွဲထားသည်။

ယခင် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင်လည်း တီမော-လက်စ်တေ ၏ အထက်တန်း ဒုတိယကိုယ်စားလှယ်ကို မြန်မာစစ်ကော်မရှင်က ထုတ်ပယ်ခဲ့ဖူးသည်။ ယင်းသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံမှုကြောင့် ဖြစ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသုံးသပ်သူ ဆူဆန်နာ ပက်တန် (Susannah Patton) က အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဤသို့ ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းခြင်းမှာ “အလွန်ရှားပါးသော လုပ်ရပ်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တီမော-လက်စ်တေ သည် မြန်မာစစ်တပ်အပေါ် တာဝန်ခံစေရေးနှင့် အရေးယူဆောင်ရွက်မှုများ ဆက်လက်တွန်းအားပေးမည့် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံ အတွင်း အလွန်ထင်ရှားသည့် ရပ်တည်ချက်တစ်ခုကို ကိုယ်စားပြုနေကြောင်း သုံးသပ်ထားသည်။

သို့သော် တီမော-လက်စ်တေ ၏ လှုပ်ရှားမှုကြောင့် အာဆီယံ အဖွဲ့ဝင် အခြားနိုင်ငံများ၏ မြန်မာအပေါ် မူဝါဒများကို အခြေခံပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ကိုးကား- CNA

ဓာတ်ပုံ- ရိုက်တာ

#တီမော_လက်စ်တေ

#ယာယီတာဝန်ခံသံအမတ်

#ထုတ်ပယ်

#မြန်မာစစ်ကော်မရှင်

#စစ်ရာဇဝတ်မှု

#PSM_News

By Htet Ko