PSM (NEWS)

မေ ၁၂၊ ၂၀၂၆

လာမည့်အပတ်တွင် စတင်ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်ဘက်ကမူ ညီလာခံပြင်ပတွင်ကျင်းပမည့် အစည်းအဝေးများသို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းအား မိမိတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသော တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများကြောင့် ထိုင်ဝမ်သည် နိုင်ငံတကာအဖွဲ့အစည်းအများစုမှ ဖယ်ကျဉ်ခံထားရခြင်းဖြစ်သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် သမ္မတဟောင်းမာရင်းကျိုလက်ထက် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) သို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရှိခဲ့သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် သမ္မတဆိုင်အင်းဝမ်အာဏာရလာပြီးနောက် တရုတ်နှင့် ထိုင်ဝမ်သည် “တရုတ်တစ်နိုင်ငံတည်း” (One China) ၏ အစိတ်အပိုင်းများဖြစ်သည်ဆိုသော ပေကျင်း၏ ရပ်တည်ချက်ကို လက်ခံရန် ငြင်းဆိုခဲ့သည့်အတွက် တရုတ်နိုင်ငံက ထိုင်ဝမ်၏ ပါဝင်ခွင့်ကို စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိသမ္မတ လိုင်ချင်းတယ်ကလည်း ဆိုင်အင်းဝမ်၏ မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျန့်ကွန် က ပြည်သူ့သမ္မတ တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံး၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆုပ်ကိုင်ထားဖို့နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ WHA ရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ လေးနက်မှုနဲ့ အာဏာစက်ကို ကာကွယ်ဖို့အတွက် ဒီနှစ် WHA မှာ ထိုင်ဝမ်ဒေသ ပါဝင်ခွင့်ကို သဘောမတူဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်” ဟု ၎င်းက ပေကျင်းတွင် ပြောကြားခဲ့သည်။

တိုင်ပေတွင်မူ ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ရှီချောင်လျန်က ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရချိန်တွင် ထိုင်ဝမ်ကို ဖိတ်ကြားခြင်းမရှိခြင်းမှာ “ရှက်ဖွယ်ကောင်းသော လုပ်ရပ်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပျက်ကွက်လို့ မဖြစ်ပါဘူး။ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းရပါမယ်” ဟု ၎င်းက ဆိုသည်။ ရှီချောင်လျန်သည် ဂျနီဗာမြို့သို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ပြီး ထိုင်ဝမ်၏ ကိုယ်ပိုင်အခမ်းအနားများနှင့် ကျန်းမာရေးပညာရှင်များနှင့် တွေ့ဆုံမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး လင်းကျားလုံ ကလည်း ၎င်းအနေဖြင့် ကျန်းမာရေးဝန်ကြီးနှင့်အတူ ဂျနီဗာသို့ လိုက်ပါရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရသည် ပေကျင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခိုင်အမာပြောဆိုချက်များကို ငြင်းဆိုထားပြီး လူဦးရေ ၂၃ သန်းရှိသော ထိုင်ဝမ်ကျွန်းအတွက် ပြောဆိုပိုင်ခွင့် သို့မဟုတ် ကိုယ်စားပြုပိုင်ခွင့် တရုတ်တွင် မရှိကြောင်း တုံ့ပြန်ထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *