မောင်မောင်ကဲ/PSM (News) မေ ၁၂၊ ၂၀၂၆ အာဆီယံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် ရှုတ်ချပြစ်တင်ရုံတင်မကဘဲ အာဏာလုစစ်အုပ်စု၏ အကြမ်း ဖက်မှုများကို တားဆီးနိုင်မည့် တိကျသော တာဝန်ခံမှုယန္တရားများ ချမှတ်ရန်နှင့် စစ်အုပ်စု၏ တစ်ဖက်သတ် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းလိုက်သည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားကို ယနေ့ မေ ၁၂ ရက်တွင် အချက် ၉ ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုက တစ်ဖက်သတ်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည် ဒီမိုကရေစီနည်းကျ တရားဝင်မှုမရှိသလို ပြည်သူကိုလည်း ကိုယ်စားမပြုကြောင်း NUG က အတည်ပြုပြောဆိုထားပြီး အာဆီယံအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော ယင်းလုပ်ငန်းစဉ်များကို အသိအမှတ်မပြုရန် အလေးအနက် တိုက်တွန်းထားသည်။ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံ၏ တိုက်တွန်းချက်ကို ကြိုဆိုသော်လည်း ခိုင်မာသည့် တာဝန်ခံမှုယန္တရားများ မရှိပါက ယင်းတောင်းဆို ချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မည်ဟု NUG က ထောက်ပြသည်။ ထို့ကြောင့် အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်သည့် စံသတ်မှတ်ချက်များ ချမှတ်ရန် တောင်းဆိုထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် အကူအညီပေးနေမှုကို အသိအမှတ်ပြုသော်လည်း စစ်အုပ်စုထိန်းချုပ်ထားသော ယန္တရားမှတစ်ဆင့် ပေးအပ်သည့် မည်သည့်အကူအညီမဆို နိုင်ငံရေးအမြတ်ထုတ်ခံရနိုင်ကြောင်း NUG က သတိပေးသည်။ ထို့ကြောင့် ထိရောက်သော အကူအညီများပေးနိုင်ရန် နယ်မြေနှင့် လူဦးရေအများအပြားကို စီမံအုပ်ချုပ်နေသည့် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ အခြေအနေမှာ ယနေ့တိုင် ရှင်းလင်းမှုမရှိသေးဘဲ အတည်မပြုနိုင်သေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်း များစွာမှာလည်း မတရားဖမ်းဆီးခံထားရဆဲ ဖြစ်သည်။ ထို့ကြောင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေး နွေးပွဲများ ဖြစ်ပေါ်လာရန် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် လိုအပ်ကြောင်းလည်း NUG က ဆိုသည်။ ထို့ပြင် NUG အနေဖြင့် အာဆီယံဥက္ကဋ္ဌ၊ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နှင့် အထူးကိုယ်စားလှယ်တို့၏ ကြိုးပမ်းမှုများကို ချီးကျူးထားပြီး မြန်မာပြည်သူတို့၏ ဘုံရည်မှန်းချက်များ ဖော်ဆောင်နိုင်ရန် အပြုသဘောဆောင်စွာ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Post navigation အုတ်ဖိုနှင့် လက်ပံတန်းတွင် စစ်အုပ်စုစစ်တပ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး