PSM(News) မေ ၁၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းသို့ အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်နေသည်မှာ ၁၄ ရက်မြောက်ရှိလာပြီး အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေ၍ ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်မှ စတင်ကာ ယနေ့ မေ ၁၂ ရက်အထိ ကနီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၁ ရွာသို့ ဖြန့်ကျက်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် ကျေးရွာပေါင်း ၄၄ ရွာမှ အိမ်ထောင်စု ၆,၅၀၀ ကျော်၊ လူဦးရေ ၃၀,၉၀၀ ခန့်မှာ တောတဲများနှင့် ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေရသည်။ လက်ရှိတွင် ကနီမြို့နယ်အတွင်း မိုးရွာသွန်းမှုများရှိနေသဖြင့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ် ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ထို့ပြင် ယခုကာလမှာ တောင်သူများ လယ်ယာထွန်ယက်ရမည့် အချိန်ဖြစ်သော်လည်း စစ်ဘေးကြောင့် လုပ်ငန်းများ လစ်ဟင်း လျက်ရှိသည်။ “မိုးဦးလေဦးကာလမှာ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကရွာနေတော့ တောထဲခိုနေရတဲ့သူတွေ တော်တော်ဒုက္ခရောက် နေကြတယ်။ စစ်ကြောင်းကလည်း ရေလယ်ကျွန်း၊ ချောင်းမနဲ့ ချင်းတောင်ရွာ နားတွေမှာ ရှိနေသေးတော့ ဘယ်သူမှ ရွာမပြန်ရဲကြသေးဘူး” ဟု ဒေသခံတစ်ဦးက PSM ကိုပြောသည်။ အာဏာလု စစ်အုပ်စု၏ ၁၄ ရက်တာ စစ်ကြောင်းထိုးမှုတွင် လေကြောင်းတိုက်ခိုက်မှုများကို အဓိကထား လုပ်ဆောင်ခဲ့ရာ မေ ၁ ရက် ညသန်းခေါင်ယံတွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် မင်းမရွာမှ နေအိမ်နှင့် နွားတဲများ ပျက်စီးခဲ့ပြီး မေ ၇ ရက်တွင် ဝင်မနားရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ နှစ် ဦး သေဆုံးကာ လေး ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် မေ ၈ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ လွှတ်တင်သော ဆူဆိုက်ဒရုန်းကြောင့် အသက် ၂၇ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ရသလို မေ ၉ ရက်တွင်လည်း ကနီ-မင်းကင်းလမ်းပိုင်းသို့ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ပြင်းထန်သော ပေါက်ကွဲသံကြောင့် ထိတ်လန့်ကာ နှလုံးရပ်သေဆုံး ခဲ့ရကြောင်း သိရသည်။ အာဏာလုစစ်အုပ်စုသည် မြေပြင်စစ်ကြောင်းများဖြင့် ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည့် အပြင် ဒေသခံ အရပ်သားများရှိရာ တောတဲများကိုပါ ဒရုန်းနှင့် လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ဓာတ်ပုံ-CJ(PSM) Post navigation UFC ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည့် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ကို အမေရိကန်သံရုံး ဂုဏ်ပြု အုတ်ဖိုနှင့် လက်ပံတန်းတွင် စစ်အုပ်စုစစ်တပ်နှင့် ပျူစောထီးစခန်းများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး