မောင်မောင်ကဲ၊ PSM(News)

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆

တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲကာ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာကို စစ်ကော်မရှင်က ၇ ရက်အတွင်း ထွက်ခွာသွားရန် နှင်ထုတ်လိုက်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။

စစ်ကော်မရှင်၏ အဆိုပါ လုပ်ရပ်သည် ဗီယင်နာ ကွန်ဗင်းရှင်းပါ သံတမန်ရေးရာ စံနှုန်းများကို ချိုးဖောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့ပြင် တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာ့အရေးတွင် တရားမျှတမှုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးနေခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းလည်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တီမောလက်စ်တေ သမ္မတ ဟိုဆေး ရာမို့စ်ဟောတာသည် စစ်ကော်မရှင်က တရားမဝင်ဟု သတ်မှတ် ထားသော ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ကိုယ်စားလှယ်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာစစ်အုပ်စုက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တီမောလက်စ်တေနိုင်ငံ၌ အမှုဖွင့်တရားစွဲဆိုထားသည့်ကိစ္စနှင့် စုံစမ်းစစ်ဆေးရန် အဆင့်မြင့်အစိုးရ ရှေ့နေ ခန့်အပ်ထားမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်ကော်မရှင်ကမူ ယခုကဲ့သို့တွေ့ဆုံခြင်းမှာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ သံရုံးယာယီတာဝန်ခံအား ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် တီမောသံရုံးယာယီတာဝန်ခံကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် တစ်ကြိမ် ဆင့်ခေါ်ကန့်ကွက်ခဲ့သော်လည်း တီမောအစိုးရ၏ ရပ်တည်ချက် ပြောင်းလဲခြင်းမရှိသဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ် ဆင့်ခေါ်နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

NUG အနေဖြင့် တီမောလက်စ်တေ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့နှင့် ပုံမှန်ထိတွေ့ ဆက်ဆံမှုများ ရှိနေပြီး စစ်ကော်မရှင်က တီမောလက်စ်တေတစ်နိုင်ငံတည်းကို သီးသန့်ပစ်မှတ်ထား နှင်ထုတ်ခြင်းမှာ နိုင်ငံတကာ သံတမန်ရေးရာ စံနှုန်းများကို လေးစားလိုက်နာမှုမရှိခြင်းကို ပြသနေကြောင်းလည်း ထောက်ပြထားသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တီမောအစိုးရက ဖိတ်ကြားတွေ့ဆုံခဲ့မှုကြောင့် တီမောလက်စ်တေ သံရုံးယာယီ တာဝန်ခံ တစ်ကြိမ် နှင်ထုတ်ခဲ့ဖူးသည်။

ထို့ပြင် တီမောလက်စ်တေ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကိုလည်း စစ်ကော်မရှင်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့သည်။

ပုံစာ – NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စ်တေ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာ (ပုံဟောင်း)

#NUG

#တီမောလက်စ်တေ

#စစ်ကော်မရှင်

#CHRO

#လူ့အခွင့်အရေး

#သံတမန်ရေးတင်းမာမှု

#PSM_News

By Htet Ko