PSM(News) (စစ်ကိုင်း) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကံရင်းကျေးရွာကို အာဏာလုစစ်အုပ်စု၏ မုံရွာမြို့ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော့ပတာ သုံးစင်းဖြင့် ယနေ့ ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အာဏာလုစစ်တပ်သည် ယနေ့မွန်းလွဲ ၃ နာရီ ၄၃ မိနစ်၊ ၃ နာရီ ၄၅ မိနစ်နှင့် ၃ နာရီ ၄၈ မိနစ်တို့တွင် ကံရင်းကျေးရွာအတွင်းသို့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးသီးများမှာ ကျေးရွာအတွင်းရှိ လူစည်ကားရာ “ကိုဝင်မိုး” လက်ဖက်ရည်ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ “ဗုံးသီး သုံးလုံး လာကြဲတာ။ ဗိုက်ကြီးသည်တစ်ဦး နေရာတင် သေသွားတယ်။ ကလေးလည်း ရှင်ဦးမလားဆိုပြီး ဝိုင်းကယ်ကြသေးတယ်။ ဒါပေမဲ့ ကလေးပါ သေသွားတယ်၊ နောက်ထပ် အမျိုးသမီး တစ်ဦးလည်း သေသွားတယ်” ဟု အဆိုပါ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့် ဒေသခံ တစ်ဦးက PSM ကို ပြောသည်။ ထိုသို့ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများမှာ ကိုယ်ဝန် ဆောင်မိခင် ဖြစ်သူ မချစ်ဆွေ အသက် (၃၀) နှစ်၊ ကိုဖင်ကောက် (အမည်ရင်းမသိ) အသက် (၃၅) နှစ်နှင့် မခင်ချို အသက် (၅၃) နှစ်တို့ ဖြစ်ကြပြီး ကိုဝင်မိုးပိုင်ဆိုင်သည့် လက်ဖက်ရည်ဆိုင်လည်း ပျက်စီးသွားကြောင်း သိရသည်။ အာဏာလုစစ်အုပ်စုသည် အရာတော်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သာမန်ကျေးရွာ များနှင့် မူကြိုကျောင်းကဲ့သို့သော အရပ်ဘက်နေရာများကိုပင် လေကြောင်းမှ ဗုံးကြဲခြင်း၊ ကာမီကာဇေဒရုန်းများဖြင့် တိုက်ခိုက်ခြင်းနှင့် စက်သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဓာတ်ပုံ – CJ Post navigation ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ ချင်းလည်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ဦးထက်မနည်း သေဆုံးနိုင် အာဆီယံ၏ ပြန်လည်ထိတွေ့ဆက်ဆံမှုသည် မြန်မာပြည်သူများအတွက် အကျိုးမရှိဘဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်ဟုAPHR သတိပေး