PSM (News)

ဇူလိုင် ၁၄၊ ၂၀၂၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အာဏာလုစစ်တပ်၏ အထိုင်ချစခန်းဖြစ်သော ချင်းလည် ဂိတ်စခန်းကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၄ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးကျည်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း (၁) တပ်ရင်းရုံးအဖွဲ့တို့ ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံးကျည် လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် အာဏာလုစစ်တပ်ဘက်မှ နှစ် ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စခန်းအတွင်းရှိ ဘားတိုက်တဲ တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ချင်းလည်ဂိတ်စခန်းကို စနစ်တကျ ချဉ်းကပ်ကာ ဒုံးကျည် လေး လုံးဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများဖြင့်ပါ ရမ်းသန်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များဘက်က အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။

အာဏာလုစစ်တပ်သည် ပေါက်ခေါင်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် သဲကုန်းမြို့နယ် ဘက်တွင် အင်အား ၂၀၀ ခန့်အထိ တိုးချဲ့အထိုင်ချကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားပြီး တော်လှန် ရေးတပ်ဖွဲ့များ၏ နယ်မြေဖြတ်သန်းမှုကို ဖြတ်တောက်ရန် ရည်ရွယ်၍ ပေါက်ခေါင်း – အုတ်တွင်း လမ်းပိုင်းတစ်လျှောက်တွင်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလေ့ရှိသည်။

ဓာတ်ပုံ-ပြည်ခရိုင်ပကဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed