PSM (News) ဇူလိုင်လ ၁၅၊ ၂၀၂၆ အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ စစ်တပ်ခန့်အစိုးရနှင့် “ချိန်ဆ၍ ပြန်လည်ထိတွေ့ဆက်ဆံသည့်” မူဝါဒသို့ ကူးပြောင်းခြင်းသည် မြန်မာပြည်သူများအတွက် မည်သည့်လက်တွေ့အကျိုးရလဒ်မျှ မရရှိဘဲ အာဏာရှင်စနစ်ကိုသာ ပုံမှန်ဖြစ်စဉ်တစ်ခုအဖြစ် အသိအမှတ်ပြုရာရောက်နိုင်ကြောင်း အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) ကဇူလိုင်လ ၁၅ ရက်နေ့တွင် သတိပေးလိုက်သည်။ APHR ၏ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ၊ လွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်က “ဒါကို တိုးတက်မှုလို့ အာဆီယံအနေနဲ့ မခေါ်ဆိုနိုင်ပါဘူး။ ကျွန်မတို့ မြင်တွေ့နေရတာက သံတမန်ရေးရာ စကားလုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ အာဏာရှင်စနစ်ကို ပုံမှန်ဖြစ်လာအောင် လုပ်ဆောင်နေတာမျိုးပါ။ ငါးနှစ်တာ အပြစ်ပေးခံရမှုမရှိဘဲ လွတ်မြောက်နေတဲ့ကာလအတွင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိခဲ့ဘဲ၊ အခုတော့ သူတို့ကို စားပွဲဝိုင်းမှာ နေရာပေးလိုက်ပြန်ပါပြီ” ဟု ပြောကြားသည်။ ထိုင်းနိုင်ငံမှ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် “ယုံကြည်မှုတည်ဆောက်ရေး” နှင့် “ချိန်ဆ၍ ပြန်လည်ထိတွေ့ဆက်ဆံရေးအတွက် အခြေအနေများ” ဆိုသည့် စကားလုံးများကို သုံးနှုန်းထားသည်။ သို့သော် အာဆီယံက ငါးချက်ပါဘုံသဘောတူညီချက်သည် “ဆက်လက်သက်ဝင်နေဆဲ” ဖြစ်သည်ဟု အခိုင်အမာဆိုနေခြင်းနှင့် ၎င်းစကားလုံးများမှာ လိုက်လျောညီထွေမရှိ ဖြစ်နေသည်။ ဤငါးချက်ပါသဘောတူညီချက်ကို “အဓိကကိုးကားချက်” အဖြစ် အာဆီယံက ဆက်လက်ခေါ်ဆိုနေသော်လည်း၊ ယင်းကို ပြန်လည်သုံးသပ်ရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုလွှတ်တော်က မကြာသေးမီက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းသည် အာဆီယံ၏ မူဘောင်ကို တိုက်ရိုက်ပယ်ချလိုက်ခြင်းဖြစ်သည်။ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ ငါးချက်ပါသဘောတူညီချက်အပေါ် အများပြည်သူရှေ့မှောက်တွင် ထပ်လောင်းအတည်ပြုမှုများသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်ကို ပြသနေကြောင်း APHR က မှတ်ချက်ပြုသည်။ စစ်တပ်၏ ထိုးစစ်များကို ပြင်းထန်စွာ ခံစားနေရပြီး မြို့ပြနှင့် ကျေးလက်ဒေသများတွင် လုံခြုံရေးအတွက် စိုးရိမ်ရသည့် မြန်မာပြည်သူများအတွက်မူ ဤအစည်းအဝေးသည် မြေပြင်အခြေအနေတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိပေ။ ၎င်းတို့၏ သံတမန်ရေးရာ ပြန်လည်ချိန်ညှိမှုများသည် မြန်မာပြည်သူများ တောင်းဆိုနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တရားမျှတမှုတို့ကို ပျက်ပြားသွားစေမည်မဟုတ်စေရန် အာဆီယံကို APHR က တိုက်တွန်းသည်။ နေပြည်တော်နှင့် မည်သည့်ပြန်လည်ထိတွေ့ဆက်ဆံမှုမဆို ငါးချက်ပါဘုံသဘောတူညီချက် အရ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အနှောင့်အယှက်မရှိ ပေးအပ်ခြင်းတို့အပေါ် အခြေခံ၍သာ တိုင်းတာရမည်ဖြစ်ကြောင်း APHR က ထပ်လောင်းပြောကြားသည်။ ကိုးကား-APHR Statement Post navigation အရာတော်မြို့နယ် ကံရင်ရွာကို အာဏာလုစစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၃ ဦး သေဆုံး ဆောနှင့် ကျောက်ထုသို့ အာဏာလုစစ်တပ် အင်အား ၈၀၀ ခန့် ဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ