PSM (News)

ဇူလိုင် ၁၅၊ ၂၀၂၆

လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ၎င်းတို့၏ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့အပေါ် ဒိုင်လူကြီးများက ဘက်လိုက်မှုရှိနေသည်ဟု စွပ်စွဲကာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ပေးရန် အွန်လိုင်းမှတစ်ဆင့် လူပေါင်း ၆ သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

အာဂျင်တီးနားအသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်ရန် တောင်းဆိုထားသည့် အဆိုပါ petition ကို argentinaout.com ဝဘ်ဆိုက်တွင် တင်ထားခြင်းဖြစ်ပြီး မြောက်အမေရိက၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ လက်ရှိချန်ပီယံအသင်းကို အရည်အချင်းစစ်ဆေး၍ ထုတ်ပယ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

“FIFA နဲ့ ဒိုင်လူကြီးတွေက လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းအပေါ် ဘက်လိုက်နေတာ ထင်ရှားနေပါတယ်။ အနိုင်ရမယ့်သူကို ကြိုတင်သတ်မှတ်ထားပြီးသားဆိုရင် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဘာကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်နေရတာလဲ။ အာဂျင်တီးနားကို ကမ္ဘာ့ဖလားကနေ ထုတ်ပယ်ပြီး ကျန်တဲ့သူတွေကို တရားမျှတတဲ့ အခွင့်အရေးပေးပါ” ဟု အဆိုပါ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်ပတ်က ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ရန် ယှဉ်ပြိုင်ခဲ့သည့် အာဂျင်တီးနားနှင့် အီဂျစ်တို့၏ ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေစဉ် နောက်ဆုံး ၁၃ မိနစ်အတွင်း ဂိုးသွင်းယူ၍ အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်တွင် မက်ဆီသည် ပထမပိုင်း၌ ပင်နယ်တီ လွဲချော်ခဲ့သေးသည်။

အီဂျစ်နည်းပြ ဟိုဆမ် ဟာဆန်က FIFA သည် မက်ဆီကို ပြိုင်ပွဲတွင် ဆက်လက်ရှိနေစေလိုသည့်အတွက်သာ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အာဂျင်တီးနားနည်းပြကမူ VAR ခေတ်တွင် ထိုသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း တုံ့ပြန်ငြင်းဆိုထားသည်။

ကိုးကား-SCMP

By Htet Ko