PSM (News)

ဇူလိုင် ၁၅၊၂၀၂၆

တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ဆက်ဆံရာတွင် “ပထဝီနိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်များ မရှိသလို ‘ဩဇာလွှမ်းမိုးသည့်နယ်ပယ်’ ဟုခေါ်ဆိုသည့် အရာကိုလည်း ရှာဖွေနေခြင်းမဟုတ်ပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အင်္ဂါနေ့တွင် ပေကျင်း၌ ဆိုလိုမွန်ကျွန်းစုမှ တာဝန်ရှိသူနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဆိုလိုမွန်ကျွန်းစုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် “နိုင်ငံရေးအရ အပေးအယူ အခြေအနေများ မပါဝင်” သလို အတင်းအဓမ္မ စေခိုင်းခြင်းလည်း မဟုတ်ကြောင်း ဝမ်ယိက ဆိုလိုမွန်ကျွန်းစုမှရစ်ခ်ဟိုအနီပွယ်လာအား ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစိဖိတ်ကျွန်းနိုင်ငံများသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်ပြီး “မည်သူ့၏ ‘နောက်ဖေးလမ်းကြား’ မဟုတ်ပါ” ဟု ဝမ်ယိက ပြောကြားခဲ့ပြီး၊ အဆိုပါနိုင်ငံများနှင့် တရုတ်၏ ဆက်ဆံရေးသည် “အခြားနိုင်ငံများ၏ဝင်ရောက်စွက်ဖက်မှု ခံရမည်မဟုတ်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် တရုတ်စစ်တပ်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ပြီး တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် ဆိုလိုမွန်ကျွန်းစုအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ယင်းဒုံးကျည်စမ်းသပ်မှုသည် ဖီဂျီနှင့် ဩစတြေးလျတို့အကြား အပြန်အလှန်ကာကွယ်ရေးစာချုပ် ချုပ်ဆိုချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။

ဆိုလိုမွန်ကျွန်းစု ဝန်ကြီးချုပ် မက်သရူး ဝေးလ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ မေးမြန်းစဉ် “တရုတ်က ဆိုလိုမွန်ကျွန်းစုရဲ့ မိတ်ဆွေကောင်းဖြစ်ပေမဲ့ ဒါဟာ မိတ်ဆွေတစ်ယောက် လုပ်သင့်တဲ့အလုပ်တော့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ပြီး ဩစတြေးလျနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆိုလိုမွန်ကျွန်းစုနှင့်အတူ စိမ်းလန်းစွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဝမ်ယိက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed