PSM(News) ဇွန် ၁၅၊ ၂၀၂၆ လာမည့် ဇွန် ၁၉ ရက်နေ့တွင်ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် စစ်အုပ်စု၏ ဟန်ပြနိုင်ငံရေး ခြေလှမ်းများကို ဖိအားပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မည့် “နှင်းဆီလှုပ်ရှားမှု (ROSE Movement)” ကို တစ်ခဲနက် ဆင်နွှဲသွား မည်ဖြစ်ကြောင်း မြေပြင်လူထုလှုပ်ရှားမှုအဖွဲ့များထံမှ သိရသည်။ ယခု လှုပ်ရှားမှုသည် ၂၀၂၆ ခုနှစ်၏ ပထမဆုံးသော တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးဖြစ်ပြီး အွန်လိုင်းနှင့် မြေပြင်အပြင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖော်ဆောင် သွားမည်ဖြစ်ကာ “Proof of Life” ကမ်ပိန်းနှင့်လည်း အတူပူးတွဲ၍ လှုပ်ရှားစည်းရုံးသွားမည် ဖြစ်ကြောင်း သိရသည်။ “အမေစုကို ချစ်တဲ့ ပြည်သူတွေက အမေ့အတွက် မွေးနေ့ဆုတောင်းလုပ်ရင် စစ်တပ်က ကြိမ်းသေ ဒုက္ခပေးမှာပါ။ ဘယ်လိုအခြေအနေ ဖြစ်ပါစေ အမေစုမွေးနေ့မှာ ပုံစံတစ်မျိုးမျိုးနဲ့ ပါဝင်ဖို့ စဉ်းစား ထားပါတယ်။ ပြည်သူတွေအားလုံးလည်း ဉာဏ်နဲ့ယှဉ်ပြီး မထိခိုက်စေမယ့်နည်းလမ်းနဲ့ ပါဝင်ကြပါ” ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်မှ တော်လှန်ပြည်သူတစ်ဦးက PSM ကို ပြောသည်။ “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသော ကြွေးကြော်သံဖြင့် ဆင်နွှဲမည့် နှင်းဆီ လှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ သက်ဆိုင်ရာဒေသနှင့် လုံခြုံရေး အခြေအနေများအပေါ် မူတည်၍ နှင်းဆီပန်းများ (သို့မဟုတ်) လက်လှမ်းမီရာ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန်ဝေငှခြင်း၊ လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံများ တင်ပြခြင်းနှင့် မြေပြင်လူထု သပိတ်လှုပ်ရှားမှုများတွင် ကိုင်ဆောင်ဆန္ဒပြခြင်းစသည့် နည်းလမ်းများဖြင့် ဉာဏ်ပညာသုံး၍ ပါဝင်နိုင် ကြောင်း ဖော်ပြထားသည်။ “နှင်းဆီလှုပ်ရှားမှု” မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်၊ လူငယ်များကို ရှေ့တန်းသို့ အသေခံပို့နေသည့် အဓမ္မစစ်မှုထမ်းဥပဒေအား ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာနိုင်ငံ၏ တရားဝင်သမ္မတမှာ ဦးဝင်းမြင့် ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ကြောင်း လူထုသဘောထား သုံး ရပ်ကို စစ်အုပ်စုသိစေရန် ပေးပို့သွားမည်ဖြစ်သည်။ လက်ရှိတွင် စစ်အုပ်စုသည် နိုင်ငံတကာဖိအားများကြောင့် အကျပ်ရိုက်နေသဖြင့် ဒေါ်အောင်ဆန်း စုကြည်အား နေအိမ်အကျယ်ချုပ်ပြောင်းခြင်း၊ သမ္မတဦးဝင်းမြင့်ကို စောင့်ကြည့်ထိန်းချုပ်ခြင်း စသည့် ဟန်ပြလှည့်စားမှုများဖြင့် နိုင်ငံရေးဓားစာခံအဖြစ် အသုံးချနေသော်လည်း လက်တွေ့တွင် မြို့ပေါ်နှင့် ကျေးလက်ရှိ လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းကာ ၎င်းတို့၏ အာဏာသက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲလွန် စစ်တစ်ပိုင်းအာဏာရှင်စနစ် တည်ဆောက် ရေး ခြေလှမ်းများကို ရိုက်ချိုးရန်အတွက် ပြည်သူတစ်ရပ်လုံးအနေဖြင့် ယခုလှုပ်ရှားမှုတွင် အင်တိုက် အားတိုက် ပါဝင်ကြရန် People Movement Platform (ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း) က နှိုးဆော် ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation ကိုရီးယားနိုင်ငံ ဂယဲဆန်းတောင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆီမီးသပိတ် ဆုတောင်းပွဲ ပြုလုပ် အောက်ခြေမှ အသိအမှတ်ပြုသည့် အုပ်ချုပ်ရေးဖြင့် “ကော်သူးလေကရင်ပြည်” ထူထောင်မည်ဟု KNU ဥက္ကဋ္ဌ ကြေညာ