PSM (NEWS)

ဇွန် ၁၅ ၊ ၂၀၂၆

အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုသည် ‘မဖြစ်ပွားသင့်ခဲ့သည့် ကိစ္စရပ်’ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားလိုက်သည်။ ယခုတိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် အီရန်အကြား စစ်ပွဲအဆုံးသတ်ရေး အပြီးသတ်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးသွားစေနိုင်ကြောင်း သိရသည်။

ဘေရွတ်မြို့တော်ပေါ်တွင် မီးခိုးလုံးများ ပျံတက်နေသည်ကို မြင်တွေ့ခဲ့ရပြီး၊ လက်ဘနွန်အရပ်ဘက် ကာကွယ်ရေးအဖွဲ့၏ အဆိုအရ အဆောက်အအုံအပျက်အစီးများအောက်မှ သေဆုံးသူ ရုပ်အလောင်း ၃ လောင်းနှင့် ဒဏ်ရာရရှိသူ ၆ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်နိုင်ငံက စစ်ရေးအရ တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ဘေရွတ်ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ မဖြစ်ပွားသင့်ခဲ့ပါဘူး” ဟု ရေးသားခဲ့ပြီး၊ “ကျွန်တော်တို့ဟာ ဒေသတွင်း ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးမယ့် သဘောတူညီချက်တစ်ခုရဖို့ အလွန်နီးစပ်နေပါပြီ၊ ဒါကို ဖျက်ဆီးမပစ်ကြပါနဲ့” ဟု ထပ်လောင်းတိုက်တွန်းထားသည်။

လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ပုံစံသည် အစ္စရေးအစိုးရအတွက်မူ အလွန်စိတ်ပျက်စရာဖြစ်နေပြီး၊ ပါကစ္စတန်နှင့် အခြားနိုင်ငံများက ဦးဆောင်နေသည့် အဆိုပါဆွေးနွေးပွဲများတွင် အစ္စရေးမှာ ဘေးဖယ်ထားခြင်း ခံနေရသည်။ လွန်ခဲ့သည့်တစ်ပတ်က အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်များကို တိုက်ခိုက်ခဲ့စဉ်ကလည်း ဧပြီလ ၇ ရက်တွင် စတင်ခဲ့သည့် မခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေကာ အီရန်နှင့် အစ္စရေးအကြား အပြင်းထန်ဆုံး ပဋိပက္ခတစ်ခုကို ဖြစ်ပွားစေခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးနိုင်မည်ဟု ပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းရေးရလုနီးအချိန်တွင် လေဘနွန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းများ ရပ်တန့်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို ဖိအားပေးခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ်က ငြင်းဆန်ပယ်ချခဲ့သည်။

အီရန်နိုင်ငံ၏ အဓိက ငြိမ်းချမ်းရေးဆွေးနွေးသူ မိုဟာမက် ဘာဂါ ဂဂါလီဘတ်က ၎င်းတို့၏မဟာမိတ် အစ္စရေးက ဘေရွတ်တောင်ဘက်ဆင်ခြေဖုံးကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေရန် “အဓိပ္ပာယ်မရှိတော့ကြောင်း” တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ဇီယွန်ဝါဒီတွေရဲ့ ဒဟီယာ ရပ်ကွက်အပေါ် ကျူးကျော်တိုက်ခိုက်မှုက အမေရိကန်ဟာ ၎င်းရဲ့ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ချထားမှု မရှိတာ ဒါမှမဟုတ် အကောင်အထည်ဖော်နိုင်စွမ်း မရှိတာကို နောက်တစ်ကြိမ် သက်သေပြလိုက်တာပဲဖြစ်တယ်” ဟု ဂါလီဘတ်က ဘေရွတ်မြို့ ဒဟီယာရပ်ကွက် တိုက်ခိုက်ခံရပြီးနောက် လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား – AFP

By Htet Ko

You missed