PSM (News)

မေ ၁၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တပ်စွဲထားသော အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်မှုကြောင့် ဆေးရုံသုံးအရက်ပြန်ကို ဆားခတ်ကာ အရက်အဖြစ် လွဲမှားစွာသောက်သုံးရာမှ ပိုးသတ်ဆေးများနှင့် မှားယွင်းရောစပ်မိသဖြင့် ပြင်းထန်စွာ အဆိပ်သင့်ပြီး ခုနစ် ဦးမှာ နေရာတင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကောလင်းမြို့ရှိ အာဏာလုစစ်အုပ်စုဝင် ၃၀ ကျော်သည် ပြီးခဲ့သည့် မေ ၁၃ ရက် ညနေပိုင်းက ဆေးရုံသုံးအရက်ပြန်ထဲသို့ ဆားခတ်ကာ အရက်အဖြစ် ပြုလုပ်သောက်သုံးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ သောက်သုံးရာတွင် ပိုးသတ်ဆေးများကိုပါ အရက်ပြန်နှင့် မှားယွင်းရောစပ်မိသဖြင့် ပြင်းထန်စွာ အဆိပ်သင့်၍ ခုနစ် ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်ရှိသူ အများအပြားကိုလည်း ဝန်းသိုဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

“အတည်ပြုပါတယ်ဗျာ။ အဲ့ကောင်တွေ ထောက်ပို့လည်းမလာ၊ မြို့ကလည်း သူတို့ဖျက်ဆီးထားတော့ စားစရာ၊ သောက်စရာပါ မကျန်တော့ဘူးလေ။ ငတ်ပြတ်နေကုန်ပြီး ကြံမိကြံရာ လုပ်ကုန်တာ။ အရက်ပြန်ကို ဆားခတ်ပြီး အရက်လုပ်သောက်ရင်း ပိုးသတ်ဆေးနဲ့ပါ ရောမိပြီး အခုလို နေရာတင် ပွဲချင်းပြီး ဖြစ်ကုန်တာ” ဟု ဝန်းသိုရှိ စစ်ရေးသတင်းရင်းမြစ်က PSM News ကို ပြောသည်။

လက်ရှိတွင် ဝန်းသိုဆေးရုံသို့ ရောက်ရှိနေသည့် စစ်သားများထဲတွင်လည်း အခြေအနေစိုးရိမ်ရသူများ ရှိနေသဖြင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အာဏာလုစစ်အုပ်စုသည် ရိက္ခာရှာဖွေရန်အတွက် မေ ၁၄ ရက်မှစတင်ကာ ကောလင်းနှင့် ဝန်းသိုကြားရှိ သပြေသာ၊ စိန့်တောနှင့် မင်းကုန်းကျေးရွာများသို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်အုပ်စုတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

ကောလင်း

By Htet Ko

You missed