PSM(News)

မေ ၁၅၊ ၂၀၂၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အာဏာလုစစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား လေး ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ယနေ့ မေ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၂) သည် ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်ပိုင်းက အင်အား ၆၀ ခန့်ပါဝင်သော အာဏာလုစစ်အုပ်စု စစ်ကြောင်းကို မိုင်း ၇ ကြိမ်ခန့်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား နှစ် ဦး သေဆုံးပြီး နှစ် ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် သဲမဲကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် ပြည်သူပိုင် လူနေအိမ် ခြောက် လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နွား နှစ် ကောင်နှင့် ဆိုင်ကယ် ခြောက် စီးကိုလည်း လုယက်ခိုးယူသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အာဏာလုစစ်အုပ်စုသည် ထိခိုက်သေဆုံးသူများကို သယ်ဆောင်ကာ နောက်ပြန်ဆုတ် သွားခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွင်း PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ဆိုသည်။

ဓာတ်ပုံ-ပဲခူးတိုင်းစစ်ဌာန

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *