PSM (NEWS) မေ ၁၅၊ ၂၀၂၆ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား အတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်မှုရရှိပြီးနောက် တရုတ်သင်္ဘောအချို့ကို စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီရန်အခြေစိုက် Farsသတင်းဌာနက ကြာသပတေးနေ့တွင် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စွမ်းအင်ကဏ္ဍ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့၏ တောင်းဆိုမှုအရ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုအပေါ် အခြေခံ၍ တရုတ်သင်္ဘောအချို့ကို ဖြတ်သန်းခွင့်ပြုရန် တေဟီရန်အစိုးရက သဘောတူခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် အီရန်သည် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းမှုကို ပြင်းထန်စွာ ကန့်သတ်ခဲ့သည်။ ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်ရာ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ရေလမ်းကြောင်း၌ အကျပ်အတည်းများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ အီရတ်ရေနံစိမ်း စည်ပေါင်း ၂ သန်း တင်ဆောင်လာသည့် တရုတ်ရေနံတင်သင်္ဘောကြီးတစ်စီးသည် အမေရိကန်-အီရန် စစ်ပွဲကြောင့် ပင်လယ်ကွေ့အတွင်း နှစ်လကျော်ကြာ ပိတ်မိနေခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်ဖြတ်သန်းထွက်ခွာနိုင်ခဲ့ကြောင်းသင်္ဘောခြေရာခံအချက်အလက်များအရ သိရသည်။ ကိုးကား-Reuters Post navigation ဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီးစဉ် ပထမနေ့- ထိုင်ဝမ်အရေး သတိထားရန် ရှီကျင့်ဖျင် သတိပေး၊ ကုန်သွယ်ရေးနှင့် အီရန်အရေး ခေါင်းဆောင်များ ဆွေးနွေး