PSM(NEWS) မေ ၁၅ ၊၂၀၂၆ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည်လာမည့်သောကြာနေ့တွင်အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ခေတ္တသွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ရေရှည်စွမ်းအင်ထောက်ပံ့မှု သဘောတူညီချက်များနှင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် ရေနံအရန်သင့် သိုလှောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့တတိယအကြီးဆုံး စွမ်းအင်တင်သွင်းသည့် အိန္ဒိယနိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုကွင်းဆက်များ ပြတ်တောက်လျက်ရှိရာ ဝန်ကြီးချုပ် မိုဒီအနေဖြင့် စွမ်းအင်လုံခြုံမှုရှိစေရန် မေလ ၁၅ ရက်မှ ၂၀ ရက်အထိ ငါးနိုင်ငံခရီးစဉ်ကို စတင်ခြင်းဖြစ်သည်။ UAEနိုင်ငံသည် ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) အဖွဲ့မှ မကြာသေးမီက နုတ်ထွက်ထားခြင်းကြောင့် ရေနံထုတ်လုပ်မှု ပိုမိုတိုးမြှင့်လာနိုင်ပြီး ယင်းမှာ အိန္ဒိယကဲ့သို့သော နိုင်ငံများအတွက် အကျိုးရှိစေမည်ဟု မျှော်လင့်ရသည်။ အီရန်စစ်ပွဲစတင်ပြီးနောက်ပိုင်း UAEနိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများ ရှိနေခြင်းကြောင့် နိုင်ငံအကြီးအကဲများ၏ ခရီးစဉ်မှာ အလွန်ရှားပါးသော အခြေအနေလည်း ဖြစ်သည်။ UAEသည် အိန္ဒိယသို့ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ အဓိကတင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ ရည်(LNG) ဝယ်ယူရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ် မိုဒီသည် UAEသမ္မတ ရှိတ်ခ် မိုဟာမက် ဘင် ဇာယက် အယ်လ် နာယန်နှင့် တွေ့ဆုံကာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ UAEသည် အိန္ဒိယ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အိန္ဒိယနွယ်ဖွား ၄ ဒသမ ၅ သန်းကျော် နေထိုင်ရာ နိုင်ငံလည်း ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံအကြား လာမည့် ၆ နှစ်အတွင်း ကုန်သွယ်မှုပမာဏကို ဒေါ်လာ ဘီလီယံ ၂၀၀ ထိ နှစ်ဆတိုးမြှင့်ရန်နှင့် ကာကွယ်ရေးကဏ္ဍတွင်လည်း မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် စီစဉ်ထားသည်။ ဝန်ကြီးချုပ် မိုဒီသည် UAEခရီးစဉ်အပြီးတွင် နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ကိုးကား-Reuters Post navigation ဥရောပစစ်စရိတ်မြှင့်တင်မှု သံတမန်ရေးရာကို သစ္စာဖောက်ခြင်းဖြစ်ဟု ပုပ်ရဟန်းမင်းကြီး လီယို ပြစ်တင်ရှုတ်ချ ဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီးစဉ် ပထမနေ့- ထိုင်ဝမ်အရေး သတိထားရန် ရှီကျင့်ဖျင် သတိပေး၊ ကုန်သွယ်ရေးနှင့် အီရန်အရေး ခေါင်းဆောင်များ ဆွေးနွေး