မောင်မောင်ကဲ/PSM(News)

မတ် ၁၅ ၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာဒေသများတွင် ဖြစ်ပွားနေသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲများသည် ယနေ့ မတ် ၁၅ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေပြီး ကိုးကန့်တပ်ဘက်မှ ထိုးစစ်ကို အရှိန်မြှင့်တင်ထားကြောင်း သိရသည်။

ကွတ်ခိုင်နှင့် နမ့်ဖက်ကာဒေသအတွင်းရှိ နေရာ ၈ ခုထက်မနည်းတွင် MNDAA က ဒရုန်းအများအပြား အသုံးပြုကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ အပြင်းအထန်ဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ MNDAA သည် လောက်ကိုင်ဘက်မှ လက်နက်နှင့် စစ်အင်အားများကို ဆက်တိုက်ဖြည့်တင်းကာ ကွတ်ခိုင်ဒေသအတွင်း နေရာအနှံ့ ထိုးစစ်ဆင် နေခြင်းဖြစ်ပြီး TNLA ဘက်မှ ခံစစ်အနေအထားဖြင့်သာ တုံ့ပြန်နေရကြောင်း သိရသည်။

အဖွဲ့အစည်းအသီးသီးမှ ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းနေသော်လည်း MNDAA ဘက်က ဆွေးနွေးရန် လမ်းကြောင်းမရှိသေးကြောင်းသာ အကြောင်းပြန်၍ ထိုးစစ်ကို အရှိန်မြှင့်တင်ထားသည်ဟု ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်အချို့၏ သုံးသပ်ချက်အရ ယခုထိုးစစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ အတွင်းက ဖြစ်ပွားခဲ့သော CCTV ဖြုတ်သိမ်းသည့် ကိစ္စထက် ပိုမိုလေးနက်သည့် အကြောင်းရင်းများ ရှိနိုင်ကြောင်း ဆိုကြသည်။

လက်ရှိ MNDAA ထိုးစစ်ဆင်နေသည့် နေရာအချို့မှာ သတ္တုတွင်းများနှင့် သယံဇာတထွက်ရှိရာ နေရာများဖြစ်သဖြင့် နယ်မြေစိုးမိုးမှုနှင့်အတူ သယံဇာတ မောင်ပိုင်စီးလိုသည့် ရည်ရွယ်ချက် ရှိနိုင်ကြောင်း တအာင်းဘက်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားသည်။

ထို့ပြင် MNDAA သည် တရုတ်နိုင်ငံ၏ ဖိအားကို အသုံးချနိုင်ရန်အတွက် ကွတ်ခိုင်နှင့် နမ့်ခမ်းဒေသ များတွင် အွန်လိုင်ငွေလိမ်ဂိုဏ်း ကျားဖြန်ရုံ များရှိနေသည်ဟု အကြောင်းပြချက် ပေးထားကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကွတ်ခိုင်မြို့ပြင်ရှိ ကိုးကန့်အရာရှိ ကျင်စန်းပိုင်၏ နွားခြံအတွင်းရှိ ကျားဖြန်ရုံကို တရုတ်ဘက်က ဝင်ရောက်စီးနင်းခဲ့ရာတွင် TNLA က သတင်းပေးသည်ဟု MNDAA က ယူဆနေသဖြင့် ယခုကဲ့သို့ စစ်ရေးအရ တုံ့ပြန်လာခြင်းဖြစ်နိုင်ကြောင်း အတွင်းသတင်းများက ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ MNDAA ဘက်က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ခြင်း ကြောင့် ခုခံကာကွယ်ခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း TNLA ဘက်ကမူ ၎င်းတို့၏ တပ်စခန်းများ တစ်ပြိုင်တည်း တိုက်ခိုက်ခံရခြင်းနှင့် တပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းဆီးခံရခြင်းတို့အပေါ် အခြေခံကာ MNDAA ဘက်မှ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ပြင်ဆင်ထားသည့် ထိုးစစ်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်း ဒရုန်းများကို အဓိကအသုံးပြုကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရပြီး ညီနောင်မဟာမိတ် နှစ်ဖွဲ့အကြား ဆက်ဆံရေးမှာလည်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူ များက သုံးသပ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ-ကွတ်ခိုင်မြို့တွင် တွ့ရသည့် MNDAA တပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးခံထားရသည့် TNLA တပ်ဖွဲ့ဝင်အချို့

#PSM_News

#MNDAA

#TNLA

#ကွတ်ခိုင်

#နမ့်ဖက်ကာ

#စစ်ရေးတင်းမာမှု

By Htet Ko