PSM(NEWS) မတ် ၁၅၊ ၂၀၂၆ အရှေ့အလယ်ပိုင်းတွင် ပိတ်မိနေသည့် ထိုင်ဝမ်ခရီးသွားများကို တရုတ်နိုင်ငံက ရှန်ဟိုင်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ခရီးသွားအချို့က ကျေးဇူးတင်စကားဆိုခဲ့ကြသည်။ ထိုင်ဝမ်အစိုးရကမူ ဤဖြစ်စဉ်က နိုင်ငံသားများကို ကာကွယ်ပေးနိုင်သည့် ထိုင်ပေ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု လျော့ကျစေရန် ရည်ရွယ်သည့် “သိမြင်မှုဆိုင်ရာ စစ်ဆင်ရေး” (Cognitive Warfare)တစ်ခုအဖြစ် သတ်မှတ်ထားသည်။ အရှေ့အလယ်ပိုင်းတွင် ပိတ်မိနေသည့် ထိုင်ဝမ်နိုင်ငံသား ခရီးသွားအဖွဲ့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှ လေကြောင်းခရီးဖြင့် ရှန်ဟိုင်းသို့ ဘေးကင်းစွာ ရောက်ရှိလာပြီးနောက် ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်အေးသွားကြပုံရသည်။ “အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ မိခင်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ခရီးသွားတစ်ဦးက China Eastern Airlines လေကြောင်းလိုင်း၏ MU704 လေယာဉ်ပေါ်မှ ဆင်းသက်လာစဉ် ပြုံးရွှင်စွာ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာန၏ မတ်လ ၁၀ ရက်နေ့ အစီရင်ခံစာအရ အရှေ့အလယ်ပိုင်းတွင် ပိတ်မိနေသည့် ထိုင်ဝမ်နိုင်ငံသား ၇၀ ကျော်ကို ရှန်ဟိုင်းမှတစ်ဆင့် ထိုင်ပေသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခရီးသွားများသည် အာရပ်စော်ဘွားများ ပြည်ထောင်စုမှတစ်ဆင့် ထိုင်ဝမ်သို့ သွားမည့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရပြီးနောက် အစ္စတန်ဘူလ်တွင် ၅ ရက်ကြာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုင်ပေအစိုးရ တာဝန်ရှိသူများကမူ ဤဇာတ်လမ်းသည် တရုတ်နိုင်ငံက ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို လျော့ပါးစေရန်နှင့် ထိုင်ဝမ်အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှုကို ထိခိုက်စေရန် ရည်ရွယ်သည့် သိမြင်မှုဆိုင်ရာ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ ထိုင်ဝမ်၏ Mainland Affairs Council (MAC) မှ ဒုတိယဝန်ကြီး Shen Yu-chung က “တရုတ်ကွန်မြူနစ်ပါတီဟာ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် အကျပ်အတည်းတွေကို အသုံးပြုပြီး ကျွန်တော်တို့ အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိရောက်မှုမရှိဘူး၊ နိုင်ငံသားတွေကို ကယ်ထုတ်နိုင်စွမ်းမရှိဘူးလို့ စွပ်စွဲလေ့ရှိပါတယ်” ဟု ပြောကြားသည်။ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါခရီးသွားများနှင့် ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မျှ လက်ခံရရှိထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။ တူရကီရှိ ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုရုံး (Taipei Economic and Cultural Mission) ကလည်း ၎င်းတို့နှင့် အဆက်အသွယ်မရှိခဲ့ကြောင်း ဆိုသည်။ မတ်လ ၁၄ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံသား ၂,၀၀၀ ကျော်သည် အရှေ့အလယ်ပိုင်းမှ ထိုင်ဝမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး၊ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့အား စီးပွားဖြစ် လေကြောင်းလိုင်းများဖြင့် သို့မဟုတ် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ပြန်လာနိုင်ရန် အစွမ်းကုန် ကူညီပေးထားကြောင်း သိရသည်။ National Taiwan University မှ နိုင်ငံရေးသိပ္ပံပညာရှင် Chen Shih-min က CCTV ၏ အစီရင်ခံစာကို “တရုတ်ရဲ့ ဝါဒဖြန့်ချိရေး” ဟု ခေါ်ဆိုလိုက်သည်။ “တရုတ်က ထိုင်ဝမ်နိုင်ငံသားတွေကိုပါ သူတို့ရဲ့ နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြီး ကာကွယ်ပေးနိုင်ကြောင်း ပြသချင်နေတာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ထိုင်ဝမ်ကို စစ်ရေးခြိမ်းခြောက်မှုတွေ နေ့စဉ်ပြုလုပ်နေတာမို့ ဘေဂျင်းရဲ့ ရည်ရွယ်ချက်ကို ဘယ်သူက ယုံမှာလဲ” ဟု ၎င်းက သုံးသပ်သည်။ အစ္စရေးရှိ တရုတ်သံရုံးကလည်း ၎င်းတို့နိုင်ငံသားများကို အီဂျစ်သို့ ကယ်ထုတ်ရန် အကြောင်းကြားစာတွင် “ထိုင်ဝမ်နိုင်ငံသားများအတွက် ခရီးသွားခွင့်ပြုလက်မှတ်” (Taiwan compatriot permits) ကိုင်ဆောင်သူများကိုပါ ထည့်သွင်းထားသဖြင့် ထိုင်ပေက ချက်ချင်းပင် ငြင်းပယ်ခဲ့သည်။ Asia Society Policy Institute မှ ဒေါက်တာ Simona Grano ကလည်း “အခြားနိုင်ငံတွေက တခြားနိုင်ငံသားတွေကို ကူညီတဲ့အခါမှာ ဒီလောက်ကြီး ဝါဒဖြန့်ဖို့ မလိုပါဘူး။ ဒါဟာ တရုတ်က ထိုင်ဝမ်ကို ပြည်တွင်းရေး ကိစ္စတစ်ခုလို ပုံဖော်နေတဲ့ နည်းဗျူဟာပဲ” ဟု ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲအတွင်းကလည်း ထိုနည်းတူ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်နိုင်ငံသားများကို ပိုလန်နှင့် ဆလိုဗက်ကီးယားနိုင်ငံများသို့ ရက်အနည်းငယ်စောပြီး ကယ်ထုတ်နိုင်ခဲ့သည်။ Tamkang University မှ နိုင်ငံတကာဆက်ဆံရေး ပညာရှင် James Chen က “ဘေဂျင်းဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။ လိုအပ်တဲ့အချိန်မှာ ကူညီနိုင်စွမ်းရှိတယ်လို့ ပုံဖော်ပြသတာဟာ သူတို့ရဲ့ ရေရှည်မဟာဗျူဟာ တစ်ခုပါပဲ” ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။ ကိုးကား The Straits Times #ပြန်လည်ခေါ်ဆောင် #တရုတ် #အရှေ့အလယ်ပိုင်း #ထိုင်ဝမ်နိုင်ငံသား #စိတ်ဓာတ်စစ်ဆင်ရေး #PSM_News Post navigation ရုရှားနိုင်ငံ နိုဗိုရော့စ်မြို့အနီးတွင် ဂရိရေနံတင် သင်္ဘောတစ်စီး အမည်မသိ အရာဝတ္ထုဖြင့် ထိမှန်၊ ပျက်စီးမှု အနည်းငယ်သာရှိ ဉာဏ်ရည်တု (AI) နည်းပညာဖြင့် အမည်မဖော်လိုသော အွန်လိုင်းအကောင့်များကို ဖော်ထုတ်နိုင်နေပြီဟု ကျွမ်းကျင်သူများ သတိပေး