PSM(NEWS)

မတ်လ ၁၅ ၊ ၂၀၂၆

ရေနံတင်သင်္ဘော “မာရန် ဟိုမာ” (Maran Homer) သည် စနေနေ့ နံနက်ပိုင်းက နိုဗိုရော့စ် ရှိ ကက်စပီယံ ပိုက်လိုင်းကွန်ဆော့တီယမ် (CPC) ရေနံတင်စခန်းသို့ ဝင်ရောက်ရန် အမိန့်စောင့်ဆိုင်းနေစဉ် အမည်မသိ အရာဝတ္ထုတစ်ခုဖြင့် ထိမှန်ခဲ့ကြောင်း သင်္ဘောပိုင်ရှင် ကုမ္ပဏီဖြစ်သော Maran Tankers က ထုတ်ပြန်ပြောကြားသည်။

အဆိုပါသင်္ဘောသည် ရုရှားနယ်နိမိတ်ရေပြင်၏ အပြင်ဘက်တွင် ရေကြောင်းသွားလာနေခြင်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံ၏ ရေနံစိမ်းတင်ဆောင်ရန် စောင့်ဆိုင်းနေစဉ် ဒေသစံတော်ချိန် နံနက် ၄:၃၅ နာရီခန့် တွင် ထိမှန်ခဲ့ခြင်းဖြစ်သည်။

“သင်္ဘောသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ၊ အားလုံး ဘေးကင်းကြပါတယ်” ဟု Maran Tankers ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး သင်္ဘော၏ ကုန်းပတ်နှင့် စက်ပစ္စည်းအချို့တွင်သာ ပျက်စီးမှု အနည်းငယ်ရှိကြောင်း သိရသည်။ ထိခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါရေနံတင်သင်္ဘောသည် နိုဗိုရော့စ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် သင်္ဘောပေါ်၌ ကာဇက်စတန်နိုင်ငံ၏ ရေနံဆီများ တင်ဆောင်ထားခြင်း မရှိကြောင်း ကာဇက်စတန် စွမ်းအင်ဝန်ကြီးဌာနက အတည်ပြု ပြောကြားသည်။ ကာဇက်စတန်၏ ရေနံတင်ပို့မှု အများစုမှာ ဤ CPC ပိုက်လိုင်းမှတစ်ဆင့်သာ စီးဆင်းနေခြင်းဖြစ်သည်။

ကိုးကား Reuters

#PSM_News

#ရုရှား

#နိုဗိုရော့စ်

#ဂရိ

#ရေနံတင်သင်္ဘော

#မာရန်ဟိုမာ

#ကာဇက်စတန်

By Htet Ko