PSM(NEWS)

မတ်လ ၁၅၊၂၀၂၆

ရုရှားယူကရိန်းစစ်ပွဲစတင်ကတည်းက ဥရောပတိုက်၏ အဓိက သဘာဝဓာတ်ငွေ့ တင်ပို့ရာနိုင်ငံ ဖြစ်လာခဲ့သည့် နော်ဝေနိုင်ငံသည် လက်ရှိ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို အသုံးချကာ အာတိတ်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခွင့်ရရှိရန် ဥရောပသမဂ္ဂ (EU) ၏ ထောက်ခံမှုကို ရယူရန်ကြိုးပမ်းလျက်ရှိသည်။

ဥရောပကော်မရှင်သည် ၎င်းတို့၏ အာတိတ်ဒေသဆိုင်ရာ မဟာဗျူဟာကို ပြန်လည်သုံးသပ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်ကတည်းက အီးယူသည် အဆိုပါဒေသတွင် ရေနံနှင့်ဓာတ်ငွေ့တူးဖော်ခြင်းကို နိုင်ငံတကာအတိုင်းအတာဖြင့် ရပ်ဆိုင်းထားရန် ကတိကဝတ်ပြုထားခြင်းဖြစ်သည်။

သို့သော် အရေးပါသော ရေနံနှင့် ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခြင်းကြောင့် နော်ဝေနိုင်ငံရေးသမားများနှင့် စီးပွားရေးအသိုင်းအဝိုင်းက အဆိုပါ တူးဖော်မှုပိတ်ပင်ချက်ကို ပယ်ဖျက်ပေးရန် အပြင်းအထန် တိုက်တွန်းလာကြသည်။

“သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ဖိအားပေးနေကြတာပါ” ဟု နော်ဝေရာသီဥတုဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ အန်းကရင် ဆေသာက ပြောကြားသည်။

ဥရောပကော်မရှင်၏ လူထုသဘောထား မှတ်ချက်ပေးရမည့် နောက်ဆုံးရက်ဖြစ်သော တနင်္လာနေ့မတိုင်မီတွင် အီးယူအဖွဲ့ဝင် မဟုတ်သော်လည်း မဟာမိတ်ဖြစ်သည့် နော်ဝေသည် ဒီမိုကရေစီထွန်းကားပြီး ငြိမ်းချမ်းသောနိုင်ငံမှ စွမ်းအင်ကို တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ခြင်း၏ အကျိုးကျေးဇူးများကိုအခွင့်ရတိုင်း ထုတ်ဖော်ပြောကြားနေသည်။ ယင်းတွင် အာတိတ်ဒေသ၌ ရေနံတူးဖော်ရေး ကိစ္စလည်းပါဝင်နေသည်။

“ယူကရိန်းနဲ့ အီရန်အရေးတွေကြောင့် ဥရောပ မူဝါဒချမှတ်သူတွေကို ခြောက်လှန့်ဖို့ ပိုလွယ်သွားနိုင်ပါတယ်”ဟု နော်ဝေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲ ထရူးလ်စ် ဂူလိုဗ်ဆန် က ဆိုသည်။

နော်ဝေသည် ဥရောပ၏ ဓာတ်ငွေ့လိုအပ်ချက် သုံးပုံတစ်ပုံခန့်ကို ဖြည့်ဆည်းပေးနေသည်။ လက်ရှိတွင် အာတိတ် စက်ဝိုင်းအထက်၌ Snohvit နှင့် Aasta Hansteen ဟူသော ဓာတ်ငွေ့ လုပ်ကွက်နှစ်ခုသာ ရှိသော်လည်း အော်စလိုအစိုးရက ရှာဖွေရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အစိုးရက စမ်းသပ်တူးဖော်ရန် လုပ်ကွက်သစ် ၇၀ ကို အဆိုပြုခဲ့ပြီး ယင်းတို့အနက် ထက်ဝက်ကျော်မှာ ဘာရင့်ပင်လယ်အတွင်းရှိ အာတိတ်ရေပြင်တွင် တည်ရှိသည်။ နော်ဝေကမ်းလွန်ပင်လယ်ပြင် ညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ရှာဖွေမတွေ့ရှိသေးသောအရင်းအမြစ် ၃.၄၈ ဘီလီယံ ကုဗမီတာခန့်ရှိကာ ၆၀ ရာခိုင်နှုန်းမှာ ဘာရင့်ပင်လယ်တွင် ရှိနေသည်ဟု ဆိုသည်။

နော်ဝေ စွမ်းအင်ဝန်ကြီး တဲရ်ယေ အာ့စ်လန်းကမူ “အရှေ့အလယ်ပိုင်း စစ်ပွဲက နော်ဝေရဲ့ မြောက်ဘက်ဒေသ ရေနံလုပ်ငန်းဆိုင်ရာ ရပ်တည်ချက်နဲ့ မသက်ဆိုင်ပါဘူး” ဟု ငြင်းဆိုထားသော်လည်း အဆိုပါဒေသမှ ထွက်ရှိသည့် သယံဇာတများသာမရှိလျှင် လက်ရှိတွင် စွမ်းအင်ဈေးနှုန်းများ ယခုထက် များစွာမြင့်တက်နေလိမ့်မည်ဟု ထောက်ပြခဲ့သည်။

သို့သော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကမူ စိုးရိမ်မကင်း ဖြစ်နေကြသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) နော်ဝေ၏ အကြီးအကဲ ကာရိုလိုင်း အန်ဒေါ ကအီးယူအနေဖြင့်တူးဖော်မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းလိုက်လျှင်ပင် အာတိတ်ဒေသမှ အမှန်တကယ် ထုတ်လုပ်နိုင်ရန်ဆယ်စုနှစ်ပေါင်းများစွာ ကြာဦးမည်ဟု သတိပေးခဲ့သည်။

ထို့အပြင် ရုရှားနှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် အဆိုပါဒေသရှိ ဓာတ်ငွေ့ပိုက်လိုင်းများသည်ဖျက်ဆီးလိုသူများအတွက် လွယ်ကူသော ပစ်မှတ်များဖြစ်လာနိုင်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။

ကိုးကား AFP

#နော်ဝေ

#အရှေ့အလယ်ပိုင်း_မတည်ငြိမ်မှု

#အာတိတ်စက်ဝိုင်း

#ရေနံတူးဖော်

#တွန်းအားပေးမှု

#PSM_News

By Htet Ko