PSM(NEWS) မတ် ၁၅ ၊ ၂၀၂၆ ရုရှားနိုင်ငံ မြို့တော်မော်စကိုအလယ်ပိုင်းတွင် သီတင်းပတ် တစ်ပတ်ကျော်ကြာဖြစ်ပွားနေသည့် မိုဘိုင်းလ်အင်တာနက် ကန့်သတ်ချက်များကြောင့် သောကြာနေ့တွင် နိုင်ငံခြားဝက်ဘ်ဆိုက် အများအပြားကို အသုံးပြု၍ မရတော့ဘဲ ဒေသခံ သန်းပေါင်းများစွာ၏ နေ့စဉ်ဘဝနှင့် စီးပွားရေးလုပ်ငန်းများအကြီးအကျယ် ထိခိုက်လျက်ရှိကြောင်း သိရသည်။ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် လုံခြုံရေးအရ ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားသော်လည်း၊ ကရင်မလင်နန်းတော်က လိုအပ်သည်ဟု ယူဆပါက ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကွန်ရက်ကို ရုရှားပြည်သူများ လက်လှမ်းမမီစေရန် ကြိုတင်ပြင်ဆင်သည့် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ လွန်ခဲ့သည့် မတ်လ ၅ရက်နေ့ကတည်းက မြို့စွန်ပိုင်းတွင် စတင်ခဲ့သည့် အင်တာနက် ဖြတ်တောက်မှုသည် ယခုအခါ မြို့လယ်ခေါင်အထိ ရောက်ရှိလာပြီး အစိုးရ ခွင့်ပြုထားသော ဝက်ဘ်ဆိုက်အချို့နှင့် ဘဏ်လုပ်ငန်းသုံး App များပါအသုံးပြု၍ မရတော့ပေ။ မိုဘိုင်းလ် အင်တာနက်ကို အားကိုးနေရသည့် ကဖေးများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များတွင် ငွေပေးချေမှုစနစ်များ ပြတ်တောက်သွားသဖြင့် ၅ရက်အတွင်း ရုရှားရူဘယ် ၃ ဘီလီယံမှ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈ သန်းမှ ၆၃သန်းခန့်) ထိခိုက် ဆုံးရှုံးနိုင်ကြောင်း Kommersant သတင်းစာက ခန့်မှန်းထားသည်။ အင်တာနက် ပြတ်တောက်မှုများကြောင့် မော်စကို ဒေသခံအချို့မှာ ဝေါ်ကီတော်ကီ (Walkie-talkies)၊ ပေဂျာ(Pagers)နှင့် ကြိုးဖုန်းများကို ပြန်လည်ဝယ်ယူ အသုံးပြုလာကြသည်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကမူ “ပြည်သူများ၏ လုံခြုံရေးအတွက် လိုအပ်သရွေ့ ယခုကဲ့သို့သော ထပ်လောင်း အစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်” ဟု ပြောကြားခဲ့သည်။ ကိုးကား AP #PSM_News #မော်စကိုမြို့ #စီးပွားရေးလုပ်ငန်း #အခက်တွေ့ #မိုဘိုင်းလ်အင်တာနက် #ကန့်သတ် Post navigation အီရန် အဓိပတိ သစ်မာ့ဂျ်တာဘာ ခါမေနီနှင့် ထိပ်တန်း အရာရှိကြီးများအား ဖမ်းဆီးနိုင်ရေး အမေရိကန်က ဒေါ်လာ ၁၀သန်း ဆုကြေးထုတ် အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့် အာတိတ်စက်ဝိုင်းအတွင်း ရေနံတူးဖော်ရန် နော်ဝေ၏ တွန်းအားပေးမှု ပြန်လည်အားကောင်းလာ