PSM (News)

ဇူလိုင် ၁၄၊၂၀၂၆

ဇွန်လနှောင်းပိုင်းတွင် ဥရောပတိုက် အနောက်ပိုင်းကို ရိုက်ခတ်ခဲ့သော စံချိန်တင် အပူလှိုင်းကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

EuroMOMO ကွန်ရက်၏ အချက်အလက်များအရ သေဆုံးသူ အများစုမှာ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများ၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပိုမိုဆိုးရွားလာခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဒိန်းမတ်နိုင်ငံ Statens Serum Institut မှ အကြီးတန်း ဆရာဝန် လာဆီ ဗက်စတာဂတ် က “ဒီလိုအချိန်မျိုးမှာ ဒီလောက်များပြားတဲ့ သေဆုံးမှုနှုန်းကို တွေ့ရတာဟာ မပုံမှန်ပါဘူး။ ဒီအပူလှိုင်းကြောင့် သေဆုံးရတာလို့ ပြောရလောက်အောင် အခြေအနေက တိကျလွန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များ၏ အဆိုအရ လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုမရှိပါက ဤကဲ့သို့ ပြင်းထန်သော အပူလှိုင်းမျိုး ဖြစ်ပေါ်လာရန် မဖြစ်နိုင်သလောက် ရှိကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း ပြင်သစ်၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့တွင် အပူချိန်စံချိန်များ ချိုးဖျက်ခဲ့ရပြီး ဥရောပ ၂၇ နိုင်ငံမှ စုဆောင်းရရှိသော အချက်အလက်များအရ သေဆုံးသူ ၁၀,၆၅၀ ဦး ရှိခဲ့သည်။

ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့တွင် အခြားနိုင်ငံများထက် ပိုမိုပြင်းထန်စွာ သေဆုံးမှုများ ရှိခဲ့ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံတွင် ၂၀၀၀ ခုနှစ်နောက်ပိုင်း အပူလှိုင်းဒဏ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

ကိုးကား-Reuters

By Htet Ko