PSM(News)

ဇူလိုင် ၁၃၊ ၂၀၂၆

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော ရေကြောင်းပိုင်နက် တောင်းဆိုမှုများသည် တရားဥပဒေအရ အခြေအမြစ်မရှိကြောင်း ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန်နှင့် အခြားနိုင်ငံ (၁၁) နိုင်ငံတို့က တနင်္ဂနွေနေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

ဤထုတ်ပြန်ချက်သည် နိုင်ငံတကာခုံရုံး၏ အရေးပါသော ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်က နယ်သာလန်နိုင်ငံ၊ ဟိတ်ဂ်မြို့ရှိ အမြဲတမ်းခုံရုံး (Permanent Court of Arbitration) တွင် ဖိလစ်ပိုင်နိုင်ငံက အနိုင်ရရှိခဲ့သည့် အမှု၌ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာဆိုင်ရာ ကျယ်ပြန့်သော တောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုဆုံးဖြတ်ချက်ကို ဘေဂျင်းအစိုးရက ဆက်လက်ငြင်းပယ်လျက်ရှိသည်။

“လွန်ခဲ့တဲ့ (၁၀) နှစ်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားမှာ နောက်ဆုံးအပြီးသတ် တရားဝင်အာဏာတည်မြဲတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ ထပ်လောင်းအတည်ပြုပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ မနီလာမြို့တော်က ဘေဂျင်းကို ၎င်း၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း “အန္တရာယ်ရှိသော နည်းလမ်းများဖြင့် စစ်ရေးလှုပ်ရှားမှုများ” ပြုလုပ်နေကြောင်း စွပ်စွဲထားသည်။

ယခုပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်သောနိုင်ငံများမှာ ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကန်အပြင် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အက်စ်တိုးနီးယား၊ ဂျာမနီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယူးဇီလန်၊ ရိုမေးနီးယားနှင့် ဆလိုဗေးနီးယားနိုင်ငံတို့ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ တနင်္ဂနွေနေ့တွင် ၎င်းတို့၏ ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများကို ပြန်လည်အတည်ပြုခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်နေခြင်းမှာ အမေရိကန်ကဲ့သို့သော ပြင်ပနိုင်ငံများ၏ စစ်ရေးလှုပ်ရှားမှုများကြောင့်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

“အခုခေါ်ဆိုနေတဲ့ ဆုံးဖြတ်ချက်ဟာ တရားမဝင်တဲ့၊ အကျိုးသက်ရောက်မှုမရှိတဲ့ စာရွက်တစ်ရွက်သာဖြစ်ပြီး မည်သည့်အာဏာတည်မှုမှ မရှိပါဘူး” ဟု တရုတ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် တရုတ်၏ နယ်မြေနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို လေးစားရန်နှင့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေသည့် လုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed