PSM NEWS

ဇူလိုင် ၁၄ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့မြောက်ခြမ်းရှိ ငါးတင်းကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့တွင် အာဏာလုစစ်တပ်က လေကြောင်းမှတစ်ဆင့် ပရဟိတ ကျေးလက်ဆေးခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဆေးခန်းရှိ တာဝန်ကျဆရာမတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအား အခမဲ့ကုသပေးနေသည့် ဆေးခန်းနှင့် ဆေးဝါးများအားလုံး မီးလောင်ပြာကျ ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

တံတားဦးလေတပ်စခန်းမှ ပျံတက်လာသည့် အာဏာလုစစ်အုပ်စု၏ ဂျက်ဖိုက်တာတိုက်လေယာဉ် နှစ်စင်း သည် ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ငါးတင်းကြီးကျေးရွာ၏ အခမဲ့ဆေးခန်းကို ဗုံးသီး လေး လုံး ကြဲချခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သာမန်အရပ်သားပြည်သူတွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပရဟိတဆေးခန်း လေးပါ။ အခုလို တိုက်ပွဲမရှိတဲ့နေရာကို ဗုံးကြဲရုံတင်မကဘဲ စက်လက်နဲ့ပါ ပစ်ခတ်သွားတာဟာ တကယ့်ကို ရုပ်ဆိုးလှတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ခင်ဦးမြို့နယ်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက PSM ကို ပြောသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် ဆေးခန်းဆရာမတစ်ဦးနှင့် အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးခန်း အဆောက်အအုံ၊ ကား၊ ဆိုင်ကယ်များနှင့် ဆေးဝါးပစ္စည်းမြောက်မြားစွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဒေသခံ အရပ်သားများမှာမူ လေကြောင်းသတင်း ကြိုတင်ရရှိ၍ အချိန်မီ တိမ်းရှောင်နိုင်ခြင်းကြောင်း အစုလိုက်အပြုံလိုက် သေဆုံးမှုဘေးမှ ကင်းလွတ်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အာဏာလုစစ်အုပ်စုသည် ခင်ဦးမြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် လူထုအခြေပြုအဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာသား ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ-CJ

ပုံစာ-ငါးတင်းကြီးကျေးရွာရှိ ပရဟိတ ဆေးခန်းကို ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။

By Htet Ko