PSM (News) ဇူလိုင် ၁၄ ၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် အာဏာလု စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် မြိုင်မြို့နယ်တောင်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူ တစ်သောင်း(၁၀,၀၀၀)ကျော် ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်အုပ်စု စစ်ကြောင်းသည် မြိုင်မြို့နယ်ဘက်သို့ စစ်ဦးလှည့်လာခြင်းကြောင့် စစ်ရှောင်ရန် မလိုသည့် ကျေးရွာများပါ ထပ်မံထွက်ပြေးနေရသဖြင့် စစ်ဘေးရှောင်ဦးရေ ရုတ်ခြည်းတိုးပွားလာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့ကတည်းက တပ်စွဲထားသည့် အင်အား ၆၀၀ ခန့်ရှိ စစ်အုပ်စု စစ်ကြောင်းသည် ဇူလိုင် ၁၂ ရက်တွင် အရှေ့ဘက် မြိုင်မြို့နယ်ဘက်သို့ စစ်ဦးလှည့်ကာ စစ်ရေးလှုပ်ရှားလာခြင်း ဖြစ်သည်။ “မနေ့ကဆို နောက်ထပ် ၅ ရွာလောက် ထပ်ရှောင်ရတယ်။ စစ်ကြောင်းက မြိုင်နယ်ဘက်မှာ စစ်ဦးကျိုးလာတော့ အစက မရှောင်ဘဲ နေလို့ရတဲ့ ရွာတွေလည်း အကုန်ရှောင်နေရပြီဗျ” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။ အချို့ကျေးရွာများသည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်ကတည်းက တိမ်းရှောင်နေရခြင်းဖြစ်ပြီး ဇူလိုင် ၁၂ ရက်တွင် စစ်ဘေးရှောင်ရွာ ၅ ရွာ ထပ်မံတိုးလာသဖြင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းထံမှ သိရသည်။ လက်ရှိတွင် ထောက်ရှာပင်ကျေးရွာရှိ စစ်အုပ်စုယာဉ်တန်းနှင့် စစ်ကူအင်အားများကို ထောက်ပို့ယာဉ် တစ်စီးဖြင့် ကျည်ဆန်းနှင့် ခဲယမ်းများ ဖြည့်တင်းပေးထားပြီး ရှေ့ပြေးကင်းများသည် မြိုင်မြို့နယ်အစပ် သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ အာဏာလု စစ်အုပ်စု စစ်ကြောင်းသည် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ကြောင်းလှုပ်ရှားရာ လမ်းကြောင်းတစ်လျှောက်နှင့် အနီးတဝိုက်ရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ အထူးရှိကြရန် “အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်” က သတိပေးနှိုးဆော် ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် ပုံစာ -စစ်ရှောင်လာသည့် ပြည်သူများ Post navigation စစ်ဗိုလ်ချုပ်ကြီးများ၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် ကျပ် ၅ သိန်းနှင့် ဖုန်း ၂ လုံးအတွက် အသတ်ခံရခြင်းဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန် ခင်ဦးတွင် တိုက်ပွဲမရှိဘဲ ပရဟိတဆေးခန်းအား လေကြောင်းမှ ဗုံးကြဲ၍ ဆရာမအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဒေသခံများကို ကုသပေးနေသည့် ဆေးခန်းနှင့် ဆေးဝါးများ မီးလောင်ပြာကျ