မောင်မောင်ကဲ/PSM (News) ဇူလိုင် ၁၄၊ ၂၀၂၆ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်နှင့် လက်ရှိစစ်ခေါင်းဆောင် အာဏာလုသမ္မတ မင်းအောင်လှိုင်တို့အထိ အဓိက အခါတော်ပေး ကိုးကွယ်ခြင်းခံရသူ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာ ဖေဉာဏ် (ခ) ဆရာ တော် ဦးပညာဝံသ သတ်ဖြတ်ခံရမှုသည် ငွေကျပ် ငါးသိန်းနှင့် ဖုန်း နှစ်လုံး လုယက်လိုမှုကြောင့်ဖြစ်ကြောင်း အာဏာလုစစ်အုပ်စုက ထုတ်ပြန်သည်။ ဆရာတော်ဦးပညာဝံသသည် စစ်ဗိုလ်ချုပ်ကြီးအဆက်ဆက်၏ အထွတ်အမြတ်ထားရာ အခါတော်ပေး ဖြစ်ခြင်းကြောင့် ၎င်းအသတ်ခံရပြီးနောက်ပိုင်း တရားခံမမိခင်အထိ စစ်တပ်၊ CID မှုခင်းရဲတပ်ဖွဲ့နှင့် ထွေအုပ်အဖွဲ့များ ပူးပေါင်းကာ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေးအပြင်းအထန်ချ၍ ၁၁ ရက်တိုင်တိုင် သတင်းအမှောင်ချ၍ မြေလှန်ရှာဖွေခဲ့ကြောင်း သိရသည်။ ၁၉၅၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဒေါက်တာဖေဉာဏ်သည် လမ်းစဉ်ပါတီခေတ်မှစ၍ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အထိ နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် အကြံပေးအဖြစ် ဆောင်ရွက် ခဲ့ပြီး နေပြည်တော်ရှိ သတ္တဌာနတရားရိပ်သာ တည်ထားနိုင်ရေးအတွက် အဓိက အကြံပေးပုဂ္ဂိုလ်အဖြစ် အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။ ဆရာတော်ဦးပညာဝံသသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံခဲ့ရပြီး လက်ကိုင်ဖုန်း နှစ်လုံးနှင့် နဝကမ္မအလှူငွေကျပ် ငါး သိန်း လုယက်ခံခဲ့ရခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများမှာ ကျောင်းဝင်းအတွင်း ပန်းရံလုပ်ကိုင်နေကြသည့် ဒေသခံလူငယ် ငါး ဦးဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့က ငွေကြေးအဆင်မပြေမှုကြောင့် ကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြခြင်း ဖြစ်ကြောင်း အာဏာလုစစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျောင်းဆောင်အတွင်း ဝင်ရောက်စဉ် ဆရာတော်က မြင်တွေ့သွားခဲ့သဖြင့် အဆိုပါ လူငယ် ငါး ဦးက အသင့်ယူဆောင်လာသည့် ၁၈ လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထိုးသတ်ကာ ပိုင်ဆိုင်မှုများကို လုယက် ယူဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ လူသတ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ (ခ)စိုးဝင်းကျော်၊ ဝေယံနိုင် (ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော် နှင့် စိုးထက်(ခ)အေကေတီ တို့ ၅ ဦးကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုဘက်က ဆိုသည်။ စစ်ဗိုလ်ချုပ်ကြီးများ ဘေးအန္တရာယ်ကင်းဝေး၍ အာဏာတည်မြဲစေရန် နိုင်ငံတော်အဆင့် အခါပေး၊ ယတြာခြေပေးခဲ့သည့် ဒေါက်တာဖေဉာဏ်မှာ ကျပ် ငါး သိန်းခန့်နှင့် ဖုန်း နှစ် လုံးအတွက်နှင့် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။ ဓာတ်ပုံ-လူမှုကွန်ရက်၊ စစ်အုပ်စု Post navigation အာဆီယံနှင့် အာဏာလုစစ်အုပ်စုတို့၏ အလွတ်သဘောတွေ့ဆုံမှုသည် အာဆီယံတစ်ဖွဲ့လုံး၏ သဘော ထားပြောင်းလဲမှုမဟုတ်ဟု NUG ပြော ပေါက်နှင့် မြိုင်အစပ်သို့ အင်အား ၆၀၀ ရှိ စစ်အုပ်စုစစ်ကြောင်း ဦးတည်လာ၍ ဒေသခံ ၁ သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရ