PSM(News)

ဇူလိုင် ၁၃၊ ၂၀၂၆

ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က ထိုင်းအစိုးရနှင့် အာဏာလုစစ်အုပ်စု ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံခဲ့ပြီး အဆိုပါတွေဆုံမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှာ သဘာဝကျပြီး နားလည်ပေးနိုင်ကြောင်း NUG က ဆိုသည်။

သို့သော် ထိုသို့တွေ့ဆုံမှုသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီ၏ နှစ်နိုင်ငံအဆင့် ထိတွေ့ ဆက်ဆံမှုသာဖြစ်ပြီး မြန်မာ့အရေးအပေါ် ထားရှိသည့် အာဆီယံတစ်ဖွဲ့လုံး၏သဘောထား ပြောင်းလဲ ခြင်း မဟုတ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့အရေးအတွက် အာဆီယံ၏ အဓိကမူဘောင်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘောဆောင် ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားသည့် ဘုံသဘောတူညီချက် ၅ ရပ် သာ ဖြစ်သည်ဟု NUG က ဆိုထားသည်။

လက်ရှိတွင် အာဆီယံရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုမှာ အာဏာလုစစ်အုပ်စုဘက်က အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရန် တစိုက်မတ်မတ် ငြင်းဆန်နေခြင်းကြောင့်သာ ဖြစ်ကြောင်း NUG က ထောက်ပြထားသည်။

ထို့ပြင် ဘုံသဘောတူညီချက် ချမှတ်ခဲ့ပြီး ၅ နှစ်ကျော် ကြာမြင့်လာသည့်တိုင်အောင် အာဏာလု စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန်အတွက် အာဆီယံအနေဖြင့် NUG၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ အားလုံးကို နိုင်ငံရေးအရ တန်းတူညီမျှ အလေးထား ဆက်ဆံရမည်ဖြစ်ပြီး သီးခြားစီခွဲခြားဆက်ဆံခြင်းမျိုးသည် အာဏာလုစစ်အုပ်စု၏ ဗျူဟာအောက် ရောက်ရှိသွားနိုင်ကြောင်း တိုက်တွန်းထားသည်။

အာဆီယံ၏ ဂုဏ်သိက္ခာသည် အစည်းအဝေး ပြုလုပ်သည့် အရေအတွက်ပေါ်တွင် မူတည် နေခြင်းမဟုတ်ဘဲ ချမှတ်ထားသည့် ကတိကဝတ်များကို မြေပြင်တွင် မည်မျှအကောင်အထည် ဖော်နိုင်ပြီး အကြမ်းဖက်မှု မည်မျှ လျော့ကျသွားသည် ဆိုသည့်အပေါ်တွင်သာ ဆုံးဖြတ်ရမည် ဖြစ်သည်။

NUG အနေဖြင့် အာဆီယံ၊ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့်အတူ ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက် ပေါ်ထွက်လာရေးအတွက် အပြုသဘောဆောင်၍ ဆက်လက်ပူးပေါင်းသွားရန် အသင့်ရှိကြောင်း ဆိုထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed