PSM(NEWS)

ဇွန် ၁၄၊၂၀၂၆

ဂွါဒလာဟာရာမြို့၌ ကျင်းပခဲ့သည့် တောင်ကိုရီးယားနှင့် ချက်သမ္မတနိုင်ငံတို့၏ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွင် အားကစားကွင်းအတွင်း ထိုင်ခုံအချို့ လပ်နေခြင်းမှာ ပရိသတ်များအနေဖြင့် ပွဲကြည့်စင်ထိုင်ခုံများတွင် မထိုင်ဘဲ လူစည်ကားရာနေရာ များတွင် ရောက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က သောကြာနေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။

၄၅,၆၆၄ ဦး ဝင်ဆံ့သော ဂွါဒလာဟာရာအားကစားကွင်းတွင် ပွဲကြည့်စင်အလယ်ပိုင်းနှင့် အခြားနေရာအချို့၌ ထိုင်ခုံများ လပ်နေသည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ကြေညာခဲ့သည့် တက်ရောက်ကြည့်ရှုသူဦးရေမှာ FIFAဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနို အပါအဝင် ၄၄,၉၈၅ ဦး ဖြစ်သည်။

“တရားဝင် တက်ရောက်သူဦးရေစာရင်းဟာ လက်မှတ်ဖြတ်ပြီး အားကစားကွင်းအတွင်း ရောက်ရှိနေသူဦးရေကို ဖော်ပြတာဖြစ်ပြီး ပွဲစဉ်အတွင်း မည်သည့်အချိန်တွင်မဆို ထိုင်ခုံပေါ်တွင် လူရှိမရှိကို အမြင်အာရုံဖြင့် ခန့်မှန်းတာမျိုးမဟုတ်ပါ” ဟု FIFAက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဖော်ပြပါ ကိန်းဂဏန်းများအားလုံးသည် အတည်ပြုထားသည့် အချက်အလက်များအပေါ် အခြေခံထားကြောင်းနှင့် အားကစားကွင်း တာဝန်ရှိသူများ၊ လက်မှတ်ရောင်းချရေးအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဂွါဒလာဟာရာပွဲစဉ်မှာ လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်အချို့ဟာ ပွဲစဉ်တစ်လျှောက်လုံး သူတို့ရဲ့ သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာ မထိုင်ဘဲ လူစည်ကားရာနေရာတွေမှာ ရပ်ကြည့်နေတာကို တွေ့ခဲ့ရပါတယ်” ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆိုသည်။

တကယ်တမ်းတွင်လည်း ကြာသပတေးနေ့ ပွဲစဉ်တစ်လျှောက် လူစည်ကားရာနေရာများနှင့် ကုန်ပစ္စည်းရောင်းချသည့်နေရာများတွင် ရပ်ကြည့်နေသော ပရိသတ်အရေအတွက်မှာ သိသာစွာ များပြားနေခဲ့သည်။

သောကြာနေ့က ကနေဒါနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် တိုရွန်တိုအားကစားကွင်းမှာ ပရိသတ်ဖြင့် ပြည့်နှက်နေသော်လည်း ကွင်း၏ အောက်ပိုင်း အနီးကပ်နေရာနှင့် ယာယီထိုင်ခုံများရှိသည့် ထောင့်နေရာအချို့တွင် လူမရှိသည်ကို တွေ့ခဲ့ရသည်။

တိုရွန်တိုအားကစားကွင်းမှာ ၄၃,၀၃၆ ဦး ဝင်ဆံ့ပြီး ပြိုင်ပွဲတွင် အသေးဆုံးအားကစားကွင်းဖြစ်သဖြင့် FIFA၏ အနိမ့်ဆုံးစံနှုန်းများ ပြည့်မီစေရန် ထိုင်ခုံများ ထပ်မံဖြည့်စွက်ခဲ့ရသည်။ သောကြာနေ့က ကြေညာခဲ့သည့် တက်ရောက်ကြည့်ရှုသူဦးရေမှာ ၄၃,၀၀၂ ဦး ဖြစ်သည်။

ကိုးကား-AP

By Htet Ko

You missed