PSM(NEWS)

ဇွန် ၁၄ ၊၂၀၂၆

တရုတ်နိုင်ငံ၏ စစ်ရေးကို အထောက်အကူပြုနေသည်ဟုဆိုကာ တရုတ်ကုမ္ပဏီကြီးအချို့ကို အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်) ၏ စာရင်းတွင် ထည့်သွင်းလိုက်သည့်အပေါ် တရုတ်စီးပွားရေးဝန်ကြီးဌာနက စနေနေ့တွင် “အလွန်အမင်း မကျေနပ်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်ကာကွယ်ရေးဌာနက တနင်္လာနေ့တွင် အဆိုပါစာရင်းကို နောက်ဆုံးအခြေအနေသို့ ပြင်ဆင်လိုက်ခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထိုစာရင်းတွင် အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်းကြီး Alibaba အင်တာနက်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း Baidu နှင့် မော်တော်ကားထုတ်လုပ်သူများဖြစ်သည့် BYD နှင့် NIO စသည့် ထိပ်တန်းနည်းပညာလုပ်ငန်းကြီးများ ပါဝင်နေသည်။

ထို့ပြင် ကမ္ဘာ့အကြီးဆုံး ဆိုလာပြားထုတ်လုပ်သူများဖြစ်သော Trina Solar နှင့်JA Solar Technology တို့လည်း ထိုစာရင်းတွင် ပါဝင်သည်။

အဆိုပါစာရင်းသည် ဘေဂျင်း၏ စစ်ရေးနှင့် စက်မှုစွမ်းရည် မြှင့်တင်ရေးအတွက် အဓိကကျသော တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာလုပ်ငန်းစုများကို လွှမ်းခြုံထားပြီး နှစ်နိုင်ငံကြား ပြင်းထန်သော ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများကြားတွင် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထင်ဟပ်နေသည်။

“တရုတ်နိုင်ငံသည် ဤလုပ်ဆောင်ချက်အပေါ် အလွန်အမင်း မကျေနပ်သလို ပြတ်သားစွာ ကန့်ကွက်သည်” ဟု စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အမေရိကန်အနေဖြင့် ၎င်း၏ မှားယွင်းသော ကျင့်စဉ်များကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ချက်ချင်းပြန်ရုပ်သိမ်းရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှုတွင် အပြုသဘောဆောင်ပြီး တည်ငြိမ်သည့် လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရန် တရုတ်နိုင်ငံက တိုက်တွန်းသည်” ဟု ဆိုသည်။

တရုတ်ကုမ္ပဏီများအပေါ် တရားမျှတစွာ ဆက်ဆံခြင်းမရှိပါက ဘေဂျင်းအနေဖြင့် “ချင့်ချိန်စရာမလိုဘဲ ပြတ်သားပြင်းထန်စွာ လက်တုံ့ပြန်သွားမည်” ဟုလည်း သတိပေးခဲ့သည်။

ပင်တဂွန်၏ ယခုနောက်ဆုံးပြင်ဆင်ချက်သည် ၂၀၂၅ ခုနှစ် အစောပိုင်းက စာရင်းကို အစားထိုးလိုက်ခြင်းဖြစ်သည်။ ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ ဘေဂျင်းမြို့၌ တွေ့ဆုံပြီး ကုန်သွယ်ရေးစစ်ပွဲနှင့် ပတ်သက်၍ သဘောတူညီမှု ရယူထားပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပင်တဂွန်၏ လုပ်ဆောင်ချက်သည် ခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော သဘောတူညီချက်များကို “လျစ်လျူရှုလိုက်ခြင်း” ဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်ဥပဒေအရ ကာကွယ်ရေးဌာနသည် စာရင်းတွင်ပါဝင်သော ကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုခြင်းကို တားမြစ်ထားပြီး ၂၀၂၇ ခုနှစ်မှစ၍ တတိယအဖွဲ့အစည်းများမှတစ်ဆင့် ၎င်းတို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူခြင်းကိုပါ ကန့်သတ်သွားမည်ဖြစ်သည်။

ကိုးကား-Reuters

By Htet Ko

You missed