PSM(NEWS) ဇွန် ၁၅၊၂၀၂၆ ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များသည် အင်္ဂလိပ်ရေလက်ကြားအတွင်း ပိတ်ဆို့အရေးယူမှုများမှ ရှောင်လွှဲနေသည့် ရုရှား၏ ‘မှောင်ခို’ ရေနံတင်သင်္ဘော တစ်စင်းဖြစ်သည့် Smyrtos ကို ဇွန်လ ၁၄ ရက်တွင် ကြားဖြတ်ဖမ်းဆီးခဲ့သည်။ ယူကရိန်းစစ်ပွဲအတွက် ရုရှား၏ ရေနံဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ဤစစ်ဆင်ရေးသည် ဗြိတိန်အနေဖြင့် ပထမဆုံးအကြိမ် ဦးဆောင်ဖမ်းဆီးခြင်းဖြစ်သည်။ ကင်မရွန်းအလံတင်ထားသည့် အဆိုပါသင်္ဘောအား ဗြိတိန်တော်ဝင်ရေတပ်မတော် နှင့် အမျိုးသားမှုခင်းအေဂျင်စီ (NCA) တို့က Chinook ရဟတ်ယာဉ်များ၊ စစ်သင်္ဘောနှင့် မိုင်းရှင်းသင်္ဘောများ၏ ပံ့ပိုးကူညီမှုဖြင့် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တက်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီးယားစတားမားက ဤအောင်မြင်သည့်စစ်ဆင်ရေးသည် ရုရှားအတွက် နောက်ထပ်ထိခိုက်မှုတစ်ခုဖြစ်ကြောင်းနှင့် ပူတင်၏ စစ်ပွဲကို ထောက်ပံ့ပေးနေသူများအား လွတ်မြောက်ခွင့်ပေးမည်မဟုတ်ကြောင်း X လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ကလည်း ဗြိတိန်၏ လုပ်ဆောင်ချက်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဥရောပသမဂ္ဂအနေဖြင့် ထိုကဲ့သို့သော သင်္ဘောများအား ဖမ်းဆီးခြင်းအပြင် ၎င်းတို့သယ်ဆောင်လာသည့် ရေနံများကိုပါ သိမ်းဆည်းနိုင်ရေး ဥပဒေရေးရာခြေလှမ်းများ အမြန်ဆုံးလှမ်းရန် တိုက်တွန်းခဲ့သည်။ လက်ရှိတွင် အဆိုပါသင်္ဘောကို အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းအနီးတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ဗြိတိန်အစိုးရ၏ အဆိုအရ ရုရှား၏ ‘မှောင်ခို’ ရေနံတင်သင်္ဘောပေါင်း ၆၀၀ နီးပါးကို ပိတ်ဆို့အရေးယူထားပြီးဖြစ်ကာ၊ ဗြိတိန်ဝန်ကြီးချုပ်အနေဖြင့် ယခင်က ပြင်သစ်နှင့် အမေရိကန်တို့၏ စစ်ဆင်ရေးများကိုသာ ပံ့ပိုးကူညီနေရာမှ ယခုအခါတွင် ကိုယ်တိုင်ဦးဆောင်ဖမ်းဆီးသည့် မူဝါဒသို့ ပြောင်းလဲကျင့်သုံးလာခြင်းဖြစ်သည်။ ကိုးကား-Reuters Post navigation မက္ကဆီကိုတွင် ကျင်းပသည့် ကမ္ဘာ့ဖလားပွဲ၌ ပရိသတ်များ လူစည်ကားရာနေရာများတွင် ရောက်ရှိနေသဖြင့် ထိုင်ခုံများလပ်နေခြင်းဖြစ်ကြောင်း FIFAရှင်းလင်း အီရန်နှင့် အမေရိကန်တို့၏ နျူကလီးယားနှင့် ပိတ်ဆို့မှုဆိုင်ရာ မူကြမ်းသဘောတူညီချက်များ