PSM (News)

မေ ၁၄၊ ၂၀၂၆

အာဏာလုစစ်အုပ်စု၏ လက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် အထိနာလျက်ရှိပြီး ၂၀၂၆ ခုနှစ် မေလ ပထမပတ်အတွင်း၌ပင် အလင်းဝင်လာသူနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၉ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင် အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

မေလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်တာကာလအတွင်း မကွေးနှင့် တနင်္သာရီတိုင်းတို့မှ စစ်သား ငါး ဦး ပြည်သူ့ထံ အလင်းဝင်ပူးပေါင်းခဲ့ကြသည်။

အလားတူ ကချင်၊ မွန်၊ ကရင်နီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့ရှိ တိုက်ပွဲများအတွင်း စစ်သား ၄၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထူးခြားချက်အနေဖြင့် အဆိုပါ ၄၉ ဦးအနက် ၂၁ ဦးမှာ စစ်အုပ်စုက စစ်မှုထမ်းရန် အတင်း အကျပ် စုဆောင်းထားသည့် စစ်မှုထမ်း တပ်သားသစ်များ ဖြစ်နေကြောင်း တွေ့ရသည်။

၂၀၂၅ ဇန်နဝါရီမှ ၂၀၂၆ မေလ ပထမပတ်အထိ ၁၆ လတာကာလအတွင်း အလင်းဝင်လာသူနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၃,၁၁၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း “ပြည်သူ့ပန်းတိုင်” ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အုပ်စုခေါင်းဆောင်များသည် ရွေးကောက်ပွဲပြီးပါက အခြေအနေများ ပြောင်းလဲသွားမည်ဟု လိမ်လည်စည်း ရုံးထားသော်လည်း လက်တွေ့တွင်မူ ဝတ်စုံနှင့် အမည်နာမများသာ ပြောင်းလဲသွားပြီး တိုက်ပွဲများတွင် အသက်စွန့်နေရသည့် စစ်သားများ၏ ဘဝမှာမူ ပြောင်းလဲခြင်းမရှိဘဲ ပိုမိုဆိုးရွားလာနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

By Htet Ko

You missed