PSM (News)

မေ ၁၄၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလျက်ရှိသဖြင့် အရပ်ဘက်-စစ်ဘက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအနေဖြင့် စစ်သတင်းလုံခြုံရေးစည်းကမ်းများကို အထူး ဂရုပြု လိုက်နာကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ယနေ့ မေ ၁၄ ရက်တွင် အမိန့်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် စစ်ဆင်ရေးနယ်မြေအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း လုံးဝမပြုရန်နှင့် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့နယ်အတွင်းရှိ အများပြည်သူသုံး စတားလင့်ခ် (Starlink) အင်တာနက်များကို ယာယီပိတ်သိမ်းထားရန် ညွှန်ကြားထားသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း အင်တာနက်အသုံးပြုရာတွင် လုံခြုံရေးအကန့်အသတ် ဖြင့်သာ အသုံးပြုရန် ပါရှိသည်။

ထို့အပြင် စစ်ရေးသတင်းများနှင့် စစ်ဘေးရှောင်ပြည်သူဆိုင်ရာ အချက်အလက်များကို ခရိုင်ကွပ်ကဲ ရေးမှူး၏ ခွင့်ပြုချက်မရှိဘဲ Facebook, TikTok အပါအဝင် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ တင်ခြင်းနှင့် သတင်းမီဒီယာများကို ဖြေဆိုခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။

သတင်းမီဒီယာများ အနေဖြင့်လည်း စစ်ကိုင်းတိုင်းစစ်ဌာနနှင့် ရွှေဘိုခရိုင်စစ်ဌာနတို့၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းဖော်ပြပေးရန် မေတ္တာရပ်ခံထားသည်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန အနေဖြင့် အဆိုပါ တားမြစ်ချက်များကို လိုက်နာမှုရှိစေရေးအတွက် သက်ဆိုင် ရာ တပ်မှူးများနှင့် တာဝန်ခံများက ပူးပေါင်းတာဝန်ယူသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ထားသည်။

“စစ်သတင်းလုံခြုံရေးသည် စစ်သည်များနှင့် ပြည်သူလူထု၏ အသက်လုံခြုံရေးဖြစ်သည်” ဟု အဆိုပါ အမိန့်စာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

You missed