PSM(NEWS) မတ်လ ၁၄ ၊၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ သည် ဒဏ်ရာရရှိထားပြီး ပုံပျက်ပန်းပျက် ဖြစ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတာ ဟက်ဂ်ဆက်သ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ တိုက်ခိုက်မှုများ စတင်ဖြစ်ပွားပြီးနောက် နှစ်ပတ်နီးပါးအကြာတွင် ၎င်း၏ အုပ်ချုပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ စစ်ပွဲစတင်ချိန်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ခါမေနီ၏ ဖခင်နှင့် ဇနီးအပါအဝင် မိသားစုဝင်အများစု သေဆုံးခဲ့ပြီးနောက်ပိုင်း ၎င်း၏ ရုပ်ပုံများကို မည်သည့်နေရာတွင်မှ ထုတ်ပြန်ခြင်း မရှိသေးပေ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးက “အီရန်တွင် ကင်မရာများနှင့် အသံဖမ်းစက်များ ပေါများပါလျက်နှင့် အဘယ်ကြောင့် စာဖြင့်သာ ထုတ်ပြန်ချက်ထုတ်ရသလဲ။ သူ၏အဖေမှာ ကွယ်လွန်သွားပြီဖြစ်ပြီး၊ သူကိုယ်တိုင်လည်း ဒဏ်ရာရရှိကာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်တယ်။ သူဟာ တရားဝင်မှု ကင်းမဲ့နေတယ်” ဟု ဝေဖန်ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အီရန်နိုင်ငံဘက်ကမူ ၎င်းတို့၏ခေါင်းဆောင်သစ် ဒဏ်ရာရရှိထားကြောင်း ဝန်ခံထားသော်လည်း ဒဏ်ရာများမှာ ပြင်းထန်ခြင်းမရှိကြောင်း ပြောဆိုထားသည်။ ဂျပန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ပေမန် ဆာဒတ်က “သူသည် လက်ရှိစစ်ပွဲတွင် ဒဏ်ရာအနည်းငယ် ရရှိထားသော်လည်း တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေရှိသည်။ သူသည် လုပ်ငန်းစဉ်များကို ဦးဆောင်နိုင်သော ခေါင်းဆောင်တစ်ဦး ဖြစ်သည်” ဟု ဂျပန်သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်နှင့် တွဲဖက်စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့က အမေရိကန်စစ်တပ်အနေဖြင့် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်များကို ဖျက်ဆီးရန် ဦးတည်တိုက်ခိုက်နေကြောင်း အလေးပေးပြောကြားခဲ့သည်။ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု: အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်ရေတပ်၏ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောUSS Tripoli နှင့် Marine Expeditionary Unit အစိတ်အပိုင်းများကို ထပ်မံစေလွှတ်လျက်ရှိသည်။ စုစုပေါင်း အမေရိကန် မရိန်းတပ်သား၂,၅၀၀ ကျော်ကို ထပ်မံဖြည့်တင်းမည် ဖြစ်သည်။ သောကြာနေ့က အီရတ်နိုင်ငံ အနောက်ပိုင်းတွင် အမေရိကန်၏ လောင်စာဆီဖြည့်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် အမေရိကန်စစ်သည် ၆ ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ရန်သူ့တိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း သိရသည်။ စစ်ပွဲအတွင်း ထိခိုက်မှုများ: ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတွင် လူပေါင်း ၂,၀၀၀ ခန့် သေဆုံးခဲ့ပြီး၊ အမေရိကန်စစ်သည် ၁၁ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ လက်ရှိတွင် အမေရိကန်တို့၏ တိုက်ခိုက်မှုများ ရှိနေသော်လည်း အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒရုန်းများမှာ ကူဝိတ်၊ အီရတ်၊ ယူအေအီး၊ ဘာရိန်းနှင့် အိုမန်နိုင်ငံများသို့ ရောက်ရှိနေကြောင်း သတင်းများအရ သိရသည်။ ကိုးကား Reuters #အီရန်_ခေါင်းဆောင်သစ် #မိုဂျတာဘာ_ခါမေနီ #ဒဏ်ရာရ_ပုံပျက်ပန်းပျက်ဖြစ်နိုင် #အမေရိကန် #ကာကွယ်ရေးဝန်ကြီး_ပြောကြား #PSM_News Post navigation ပျက်စီးသွားသော ရုရှားသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘော မက်ဒီတာရေပြင်တွင် ပေါ်လောပေါ်မျော ဖြစ်နေပြီးနောက် အီတလီနိုင်ငံက ဖြေရှင်းရန် နည်းလမ်းများရှာဖွေနေ အီရန် အဓိပတိ သစ်မာ့ဂျ်တာဘာ ခါမေနီနှင့် ထိပ်တန်း အရာရှိကြီးများအား ဖမ်းဆီးနိုင်ရေး အမေရိကန်က ဒေါ်လာ ၁၀သန်း ဆုကြေးထုတ်