PSM(NEWS)

မတ်လ ၁၄၊ ၂၀၂၆

ရုရှား၏ ပြောကြားချက်အရ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် ရုရှားသဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောတစ်စင်းသည် မက်ဒီတာရေပြင်တွင် ပေါ်လောပေါ်မျော ဖြစ်နေပြီး၊ အဆိုပါသင်္ဘောအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အီတလီအာဏာပိုင်များက စဉ်းစားနေကြကြောင်း သတင်းရင်းမြစ်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ အာတိတ်ဆိပ်ကမ်း မြူမန့်စ်မှ LNG များကို တင်ဆောင်လာသည့် Arctic Metagaz သင်္ဘောသည် လွန်ခဲ့သောတစ်ပတ်က လစ်ဗျားကမ်းရိုးတန်းမှ လွှတ်တင်လိုက်သည့် ယူကရိန်းရေတပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ယူကရိန်းဘက်ကမူ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံထားခြင်း မရှိသေးပေ။

အစပိုင်းတွင် သင်္ဘောနစ်မြုပ်သွားပြီဟု လစ်ဗျားရေကြောင်းကယ်ဆယ်ရေးအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း၊ သင်္ဘောမှာ နစ်မြုပ်ခြင်းမရှိဘဲ အီတလီနိုင်ငံ၏ လင်နိုဆာကျွန်းအနီး မိုင် ၃၀ ခန့်အကွာတွင် မျောပါနေဆဲဖြစ်ကြောင်း အီတလီရေတပ်က အတည်ပြုခဲ့သည်။

“အခြေအနေကို ထိန်းချုပ်ထားနိုင်ပါတယ်။ သင်္ဘောဟာ နိုင်ငံတကာရေပြင်မှာ ရှိနေပြီး အီတလီရေတပ်က သင်္ဘောတစ်စင်း၊ ဆွဲသင်္ဘောတစ်စင်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်္ဘောတစ်စင်းတို့နဲ့အတူ စောင့်ကြပ်ပေးထားပါတယ်” ဟု လမ်ပီဒူဆာမြို့တော်ဝန် ဖီလစ်ပို မန်နီနို က ပြောကြားခဲ့သည်။

သင်္ဘောအတွင်း LNG နှင့် လောင်စာဆီ မည်မျှကျန်ရှိနေသေးသည်ကို မသိရှိရသေးသဖြင့် အီတလီအတွက် စိုးရိမ်စရာဖြစ်နေသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သင်္ဘောပေါ်ရှိ အမှုထမ်း ၃၀ ဦးလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အီတလီနိုင်ငံအနေဖြင့် အဆိုပါသင်္ဘောကို ၎င်းတို့၏ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပြုရန် ဆန္ဒမရှိဘဲ၊ “ဓာတ်ငွေ့များအပြည့်ပါဝင်သည့် အချိန်ကိုက်ဗုံး” တစ်လုံးကဲ့သို့ သတ်မှတ်ထားကြောင်း အမည်မဖော်လိုသူ အီတလီသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အကောင်းဆုံးဖြေရှင်းနည်းမှာ သင်္ဘောပိုင်ရှင်ဖြစ်သည့် ရုရှားအခြေစိုက် LLC SMP Techmanagement ကုမ္ပဏီအနေဖြင့် ကျွမ်းကျင်သော ဆွဲသင်္ဘောကုမ္ပဏီတစ်ခုကို ငှားရမ်း၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်ဖြစ်သည်။

ဓာတ်ပုံများအရ သင်္ဘော၏ ဘေးဘက်တွင် ကြီးမားသောပေါက်ပြဲမှုတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး၊ သင်္ဘော၏ နောက်ပိုင်းမှာလည်း ရေထဲတွင် ပိုမိုနိမ့်ကျနေသည်ကို တွေ့ရသည်။

မော်လ်တာနိုင်ငံကလည်း အခြားသင်္ဘောများကို အဆိုပါသင်္ဘောနှင့် အနည်းဆုံး ၅ မိုင် အကွာမှသာ သွားလာကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း၊ ယူကရိန်းသည် မော်စကို၏ စစ်စက်ယန္တရားအတွက် ရန်ပုံငွေထောက်ပံ့မှုကို အားနည်းစေရန် ရုရှား၏ ရေနံချက်စက်ရုံများနှင့် အခြားစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ကိုးကား Reuters

#မက်ဒီတာရေပြင်

#ရုရှားသဘာဝဓာတ်ငွေ့ရည်

#ပေါ်လောပေါ်မျော

#အီတလီ

#ဖြေရှင်းရန်နည်းလမ်းရှာဖွေ

#PSM_News

By Htet Ko