PSM(News)

ဇူလိုင် ၁၃၊ ၂၀၂၆

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အာဏာလုစစ်တပ်၏ အရပ်ဝတ်ဖြင့် ပုံမှားရိုက် စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဆေးတပ်ဖွဲ့တို့က ဝမ်းနည်းကြေကွဲကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့တွင် မကွေးခရိုင်မှ ကျဆုံးသွားခဲ့ရသည့် ရဲဘော်များအား အလေးအနက် ဦးညွှတ်ပါကြောင်းနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဦးစွာ ထုတ်ပြန်ခဲ့သည်။

ထို့အတူ မကွေးတိုင်းဆေးတပ်ဖွဲ့ကလည်း ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ထုတ်ပြန်၍ ရဲဘော်များ မျှော်မှန်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ခရီးပန်းတိုင်သို့ မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာအဓိဋ္ဌာန်ပြုထားသည်။

အာဏာလုစစ်တပ် စစ်ကြောင်းပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ချောက်မြို့နယ်၊ တောင်သာ (တောင်) ကျေးရွာနှင့် စမ်းကန်ကျေးရွာအနီးရှိ မကွေးခရိုင် အမှတ် (၃) တပ်ရင်း၏ စုဖွဲ့မှုပြုလုပ်ရာနေရာသို့ ရောက်ရှိလာသည်။

ထိုသို့ ရောက်ရှိလာစဉ် အာဏာလုစစ်တပ်ဘက်က ဦးထုပ်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ မှအပ အရပ်ဝတ်များ ဝတ်ဆင်ထားသဖြင့် PDF ရဲဘော်များက မိမိတို့အချင်းချင်း ထင်မှတ်ကာ လက်ပြနှုတ်ဆက်ခဲ့စဉ် ပုံမှားရိုက်၍ အနီးကပ်ဝင်ရောက် စီးနင်းကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွင်း ကျဆုံးသွားခဲ့ရသည့် တော်လှန်ရေးရဲဘော် ၂၀ ဦးမှာ မကွေးခရိုင် အမှတ် (၃) တပ်ရင်းမှ ၁၃ ဦး၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းမှ တစ် ဦးနှင့် မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ ခြောက် ဦး ဖြစ် ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed