PSM (News)

ဇူလိုင် ၁၃၊၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးနှင့် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အားနည်းနေခြင်းနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံက စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါအစည်းအဝေးသို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန် တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ အာဏာလုစစ်အုပ်စုကိုယ်စားလှယ် ဦးတင်မောင်ဆွေ၏ တင်ပြချက်ကို နားထောင်ခဲ့သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အာဆီယံ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းတည်ငြိမ်ပြီး သာယာဝပြောသော မြန်မာနိုင်ငံကို မြင်တွေ့လိုသည့် စင်္ကာပူ၏ဆန္ဒမှာ အကောင်အထည်ဖော်မှုအပိုင်းတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း ဖော်ပြထားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊ အကြမ်းဖက်မှုများ အပြီးတိုင်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လည်လွှတ်ပေးရေး၊ မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ပေးအပ်နိုင်ရေးတို့ကဲ့သို့သော ခိုင်မာပြီး တိုင်းတာနိုင်သည့် ခြေလှမ်းများ လှမ်းရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရှိရေးကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

လာမည့်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ငြိမ်းချမ်း၍ ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အဓိကသက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

ယင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်သည် အစည်းအဝေးအတွင်း ဦးတင်မောင်ဆွေနှင့် အခြားသက်ဆိုင်သူများကို သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား-Press Statement of Singapore’s Ministry of Foreign Affairs

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed