PSM(News)

ဇူလိုင် ၁၁၊ ၂၀၂၆

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) လက်အောက်ခံ၊ အမှတ် (၁၁) တပ်ရင်းနယ်မြေ၊ KNU-တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်လမ်းပိုင်းအား “အထူးတားမြစ်ဇုန်” အဖြစ် သတ်မှတ်ပြီး ကုန်ကားများ ဖြတ်သန်းသွားလာခြင်း မပြုရန် BLACK COBRA COLUMN က ယမန်နေ့ ဇူလိုင် ၁၀ ရက် ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။

တနင်္သာရီ – မောတောင်ကားလမ်း ပြန်လည်စိုးမိုးရေးအတွက် ထိုးစစ်ဆင်လာသော အာဏာလု စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အင်အားမမျှသည့် အခက်အခဲများကြားမှ ၁ နှစ်နှင့် ၄ လကြာ ခုခံတားဆီးခဲ့ပြီးနောက် အခြေစိုက်တပ်စွဲထားသည့် မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ ၆ လကြာ ထိန်းချုပ်နိုင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အာဏာလုစစ်တပ်သည် ယခု ဧပြီလမှ စတင်၍ ဗျူဟာ ၂ ခု၊ တပ်ရင်း ၁၁ ရင်းဖြင့် မြေပြင် ထိုးစစ်ဆင်ခြင်း၊ သဲဖြူကျေးရွာမှ မောတောင်မြို့အထိ လမ်းမကြီးတစ်လျှောက်ရှိ ပြည်သူ့ကျေးရွာ များကို လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ကာလရှည်ခုခံစစ်အတွင်း စစ်ပန်းနေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု များပြားလာခြင်းတို့ကြောင့် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် မောတောင်မြို့နှင့် ထုံခါး-မောတောင် လမ်းမကြီးမှ ခွာစစ်ဆင် ဆုတ်ခွာပေးခဲ့ရသည်ဟု BLACK COBRA COLUMN က ဆိုသည်။

တစ်နှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်း အာဏာလုစစ်တပ်ဘက်မှ စစ်သား ၅၀၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၄၆ ဦး ဘက်ပြောင်းခိုလှုံခဲ့ပြီး လက်နက် ၃၇ လက် သိမ်းဆည်းရမိခဲ့သည်။ မောတောင်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်သုံ့ပန်း ၅၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ ရှေ့ဆက်စီမံဆောင်ရွက်မှုများကို သီးခြားထုတ်ပြန်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှမူ ရဲဘော် ၅၁ ဦး အသက်ပေးလှူခဲ့ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်း စွန့်လွှတ်ခဲ့ရသူ ရဲဘော် ၁၃ ဦး ရှိခဲ့ကြောင်း BLACK COBRA COLUMN ထံမှ သိရသည်။

လက်ရှိတွင် တော်လှန်ရေးရဲဘော်များအနေဖြင့် လိုအပ်သော မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်သဖြင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သွားလာမှုဆိုင်ရာ တားမြစ်ချက်များကို ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မောတောင်မြို့အဝင် (နကသဂိတ်) မှ အမှတ် (၉) ကျေးရွာအထိ ကုန်ကားများ ဖြတ်သန်းသွားလာခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ ဒေသခံပြည်သူများအနေဖြင့် သွားလာရန်ရှိပါက အိမ်စီးကားများနှင့် ဆိုင်ကယ်များဖြင့်သာ သွားလာကြရန် အသိပေးထားသည်။

ထို့ပြင် ထုံခါးလမ်းဆုံမှ အမှတ် (၉) ကျေးရွာအထိ လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် မပြုသည့် “အထူးတားမြစ်ဇုန်” အဖြစ် သတ်မှတ်လိုက်ပြီး တားမြစ်ဒေသအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်များနှင့် မှားယွင်းထိခိုက်နိုင်သဖြင့် ဒေသခံများအနေဖြင့် တိကျစွာ လိုက်နာရန် နှိုးဆော်ထားသည်။

အာဏာလုစစ်တပ်နှင့် သတင်းပေးသတင်းယူ ပြုလုပ်သူများ၊ အကူအညီပေးသူများကို စိစစ်ပြီး ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် လွတ်ကင်းစွာ နေထိုင်ကြရန် BLACK COBRA COLUMN က တောင်းဆိုထားသည်။

အာဏာလုစစ်အုပ်စုနှင့် ပတ်သက်သော လူ၊ လက်နက်၊ ခဲယမ်းနှင့် အခြားပစ္စည်းများ တင်ဆောင် လာသည့် ကားနှင့် ယာဉ်မှန်သမျှကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ချေမှုန်းမည်ဖြစ်ရာ မည်သည့် အကြောင်းနှင့်မျှ အဆိုပါ ပစ္စည်းများကို တင်ဆောင်ခြင်းမပြုရန်လည်း အဆိုပါ တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားသည်။

ဖော်ပြပါ စည်းကမ်းချက်များနှင့် လုံခြုံရေးအရ သတိပေးတားမြစ်ချက်များကို လိုက်နာမှုမရှိပါက ဖမ်းဆီးခံရခြင်းနှင့် ပြင်းထန်စွာ အပြစ်ပေးခံရခြင်းများ ရှိနိုင်သဖြင့် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းလို က်နာပေးကြရန် BLACK COBRA COLUMN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-BLACK COBRA COLUMN

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed