PSM(News) ဇွန် ၁၃ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ပေါ်ရှိ အစိုးရရုံးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မြို့ပြ စစ်ဆင်ရေးဆင်နွှဲခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ လောင်းလုံးမြို့လယ်ရှိ မြို့နယ်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး (ထစရ)၊ စစ်ဘက် ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးနှင့် လဝက ရုံးများတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု တပ်သားများကို ပြီးခဲ့သည့် ဇွန်လ ၁ ရက် နံနက် ၈ နာရီတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၁ ရက် နံနက် ၁နာရီခန့်တွင် မင်းရပ်ကျေးရွာမှ လောင်းလုံးမြို့တွင်းသို့ ဦးတည်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုစစ်ကြောင်းကို အင်းဇောက်ကျေးရွာလမ်းဆုံ (လှေဦး)၌ ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်။ ထို့နောက် မေလ ၂ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့တွင်းမှ ညင်းမော်ရွာကို ဖြတ်၍ စစ်ပြဲ ကျေးရွာ အတွင်းသို့ အင်အား ၁၅၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အုပ်စုတပ်နှင့် စစ်ပြဲရွာအရှေ့ပိုင်းတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ဘက်က ကျေးရွာ အတွင်းမှ ခေတ္တဆုတ်ခွာပေးခဲ့ရသည်ဟု သိရသည်။ မေလ ၂၃ ရက်တွင် စစ်ပြဲကျေးရွာမှ ထွက်ခွာလာသည့် စစ်အုပ်စုစစ်ကြောင်းသည် ညင်းမော်နှင့် ဂေါ့အင်းကျေးရွာတို့မှ ခရီးသွားပြည်သူများနှင့် ရွာသားများကို ဖမ်းဆီးကာ လောင်းလုံးအောက်ပိုင်းသို့ စစ်ကြောင်းထိုးဆင်းလာရာ ရေဖြူတံတားကြီးထိပ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းစစ်ကြောင်းသည် လမ်းကြောင်းတလျှောက်ရှိ ကဒက်ငယ်နှင့် ရသိမ်ကျေးရွာများမှ ပြည်သူ အချို့ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး ကဒက်ကြီးကျေးရွာရှိ ရန်ကင်းတောင်နှင့် ခြေတော်ရာ ကျောင်းအတွင်း ယာယီတပ်စွဲခဲ့သည်။ ထို့နောက် မေလ ၂၇ ရက်တွင် ကဒက်ကြီးကျေးရွာရှိ ပြည်သူ့ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မေလ ၃၀ ရက်တွင်လည်း ကဒက်ကြီးရွာလယ်ကျောင်းအနီး၌ ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီနီးပါးကြာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။ အဆိုပါ တိုက်ခိုက်မှုများကို နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အမှတ် (၈၀၀၃) တပ်ရင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် Guerrilla Dawei တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-နွေဦးပြောက်ကျား Post navigation စစ်တပ်ပိုင် Mytel TV360 Facebook စာမျက်နှာကို Meta ဖယ်ရှား ကိုရီးယားနိုင်ငံ ဂယဲဆန်းတောင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆီမီးသပိတ် ဆုတောင်းပွဲ ပြုလုပ်