PSM(News)

ဇွန် ၁၃ ၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံကို ယနေ့ ဇွန်လ ၁၃ ရက် နံနက် ပိုင်းက ၎င်း၏ဇာတိ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများနှင့် ရဲ သတင်း ရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ရက်စက်လှသည့် လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူမှာ အသက် ၃၅ နှစ်အရွယ်ခန့်ရှိ အောင်ပြည့် ဖြစ်ပြီး ၎င်းကို ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားပြီး အရေးတကြီး အလိုရှိနေသူ ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ရတ်ချာသီဝီခရိုင် (ဒင်ဒန်းရဲစခန်းအပိုင်) ရာချ်ပရာရော့လမ်းရှိ သုံးထပ်တိုက် အဆောင်တစ်ခုတွင် အသက် (၃၄) နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မအေးအေးနွယ် ပျောက်ဆုံးနေသဖြင့် ဆွေမျိုးဖြစ်သူက တိုင်ကြားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ တိုက်ခန်းဝရန်တာကို ဝင်ရောက်စစ်ဆေးရာ အမည်းရောင် ပလတ်စတစ်ပုံးအတွင်းမှ အနံ့ဆိုးများ ထွက်နေသဖြင့် ဖွင့်ကြည့်ရာတွင် ပလတ်စ တစ်များဖြင့် ပတ်လျက်သား အပိုင်းပိုင်းဖြတ်ခံထားရသည့် မအေးအေးနွယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။

အဆိုပါ ရုပ်အလောင်းတွင် ဦးခေါင်းအပါအဝင် အစိတ်အပိုင်းအချို့မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် မီဒီယာများနှင့် Thairath သတင်းဌာနက ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့၏ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများအရ သံသယရှိသူ အောင်ပြည့်သည် လက်ဆွဲသေတ္တာတစ်လုံးနှင့်အတူ အဆောက်အအုံမှ ထွက်ခွာကာ မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အောင်ပြည့်ကို သတင်းအရ မြန်မာနိုင်ငံဘက်မှ လိုက်လံရှာဖွေရာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်တွင်ပင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် လူသတ်တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ဆက်လက်လု ပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်၊ ထိုင်းသတင်းဌာနများ

By Htet Ko

You missed